(006SV)
ချင်းတောင်ပိုင်းရှိ မြို့နှင့် ဒေသများကို ထိုးစစ်ဆင်နေသော အာဏာသိမ်းစစ်တပ်သည် ကန်ပက်လက်မြို့နှင့် မင်းတပ်မြို့တို့ကို ဂျက်ဖိုက်တာများဖြင့် လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန် ထပ်မံပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ မေလ ၂၅ ရက် နံနက် ၅ နာရီခန့်တွင် ကန်ပက်လက်မြို့တစ်နေရာကို စစ်တပ်သည် ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး နံနက် ၅ နာရီခွဲခန့်တွင် ကန်ပက်လက်မြို့နယ်ထဲက တစ်နေရာကို ဂျက်ဖိုက်တာဖြင့် လေကြောင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သည်ဟု ဒေသခံ သတင်းရင်းမြစ်ထံမှ သိရသည်။
မေလ ၂၄ ရက် ညသန်းခေါင်း ၁၁ နာရီ ၄၅ မီနစ်ခန့်ကလည်း ကန်ပက်လက်မြို့တစ်နေရာကို ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်သွားပြီး ၁၁ နာရီ ၅၀ မီနစ်ခန့်တွင် မင်းတပ်မြို့အနီးတစ်နေရာကို စစ်တပ်သည် ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံး ၂ လုံး ထပ်မံ ကြဲချသွားသည်ဟု သိရသည်။
မေလ ၂၄ ရက် နေ့လည် ၁၂ နာရီခွဲ ဝန်းကျင်မှာလည်း ကန်ပက်လက်မြို့က နေရာများကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ၄ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားပြီး မနက်ပိုင်းမှာ မတူပီမြို့ကို ဂျက်ဖိုက်တာြဖင့် လေကြောင်းဗုံးကြဲမှု ၁၀ ကြိမ်ခန့် ပြုလုပ်သည်ဟု သိရသည်။
ယင်းလေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ ထိခိုက်သေဆုံးမှု၊ ပျက်စီးမှုနှင့် တိုက်ခိုက်မှု နေရာတို့ကို လတ်တလောမှာ အသေးစိတ် မသိရှိရသေးကြောင်း ဒေသခံတချို့ထံမှ သိရသည်။
မကွေး၊ ယောဒေသ၊ ဆောမြို့မှ ကန်ပက်လက်မြို့ဘက်သို့ အင်အားတစ်ထောင်ကျော်ဖြင့် ထိုးစစ်ဆင်နေသော စစ်တပ်နှင့် ချင်းပူးပေါင်းတပ်တို့သည် ကန်ပက်လက်မြို့အနီး ၆ မိုင်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း၊ ကျောက်ထုမှ မင်းတပ်မြို့သို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်းသိရသည်။
ချင်းပူးပေါင်းတပ်ဖွဲ့ CPU/ CPA က ထိန်းချုပ်ထားသည့် ချင်းတောင်ပိုင်းမှ ကန်ပက်လက်၊ မင်းတပ်၊ မတူပီမြို့များကို မေလ ၁၁ ရက်မှ ၂၂ ရက်၊ ၁၀ ရက်တာအတွင်း စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ် ပြုလုပ်ခဲ့ရာ မွေးကင်းစ ၄ ရက်သား ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှု ရှိနေသည်ဟု သိရသည်။
လေကြောင်းဗုံးကြဲမှုများကြောင့် လူနေအိမ်များ၊ ဆိုင်ခန်းများနှင့် အစိုးရအဆောက်အဦး အများအပြား ထိခိုက်၊ ပျက်စီးမှုများ ဖြစ်ပွားနေသည်ဟု သိရသည်။
လက်ရှိမှာ ပြည်သူများ လူစုလူဝေးရှောင်ရှားပြီး မိမိနေအိမ်၊ ဈေးဆိုင်များတွင် ဗုံးခိုကျင်းများ၊ ကတုတ်ကျင်းများ အဆင်သင့်ထားရှိကာ ထောက်လှမ်းရေး ဒရုန်းများ၊ ကင်းထောက်လေယာဉ်များ၊ လေကြောင်းသတင်းများကို အချိန်ပြည့် သတိပြုနေထိုင်ကြရန် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/ CPA) က ကြေညာထားသည်။
ချင်းတောင်ပိုင်းရှိ၊ ကန်ပက်လက်၊ ကျင်ဒွေး၊ မင်းတပ်၊ မတူပီ စသည့် မြို့များကို ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ် ပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ်ကတည်းက သိမ်းပိုက်ထားပြီး ပြည်သူ့အုပ်ချုပ်ရေးယန္တရားများ ဖွဲ့စည်း လည်ပတ်နေသည်။

