(005MK)
UFC ကမ္ဘာ့ချန်ပီယံ ချင်းဖိုက်တာ Joshua Van ကို မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက သူ၏ရုံးခန်းတွင် ယနေ့ညနေပိုင်းက တွေ့ဆုံဂုဏ်ပြုပြီး မီဇိုရမ်ကို အလည်အပတ်ရောက်ရှိလာသည့်အပေါ် ဝမ်းသာကြောင်း ပြောကြားခဲ့သည်။
ယခုကဲ့သို့ကမ္ဘာ့အလည်မှာ အောင်မြင်မှုရရှိသည့်အပေါ်မှာလည်းဝမ်းသာကြောင်းနှင့် သူ၏ အောင်မြင်မှုသည် မီဇိုးလူငယ်များအတွက် ခွန်အားဖြစ်စေကြောင်း မီဇိုရမ်ဝန်ကြီးချုပ်ကပြောဆိုခဲ့သည်။
ချင်းဖိုက်တာ Joshua Van ကလည်း ယခုကဲ့သို့ မအားမလပ်ကြားမှ တွေ့ဆုံခွင့်ပေးသည့်အပေါ် ကျေးဇူးတင်ကြောင်း၊ မီဇိုရမ်ပြည်နယ်သည် မိမိပြည်နယ်ကဲ့သို့မှတ်ယူကြောင်း၊ မီဇိုးလူမျိုးများသည်လည်း မိမိ၏သွေးချင်းညီအကိုများဟု ခံယူထားကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ထို့ကြောင့် မီဇိုးပြည်သူလူထုအနေဖြင့် UFC ကမ္ဘာ့ချန်ပီယံတစ်ယောက်ကို ပိုင်ဆိုင်ထားသည်ဟု မှတ်ယူကြရန်လည်း ချင်းဖိုက်တာ Joshua Van က ပြောဆိုခဲ့သည်။
ချင်းဖိုက်တာ Joshua Van သည် ယနေ့မွန်းလွဲပိုင်း ၂ နာရီတွင် Lengpui လေဆိပ်သို့ဆိုက်ရောက်လာခဲပြီး ပြည်သူများက လှိုက်လှဲစွာကြိုဆိုခဲ့ကြသည်။
ထို့နောက် အိုင်ဇောလ်မြို့သို့ဆက်လက်ထွက်ခွါရာတွင် ချင်းစစ်ဘေး ရှောင်များနေထိုင်သော Sihhmui ကျေးရွာ အရောက်တွင် ချင်းစစ်ဘေးရှောင်ပြည်သူများက လမ်းဘေးဝဲယာဘက်တွင် တန်းစီးကာ စောင့်ကြိုခဲ့ကြပြီး ကမ္ဘာ့ချန်ပီယံက နှုတ်ဆက်တွေ့ဆုံခဲ့သည်။
ချင်းဖိုက်တာ Joshua Van သည် မေလ ၃၀ ရက်ညတွင် Zonet ရုပ်သံလိုင်း နှင့် Mizoram Mix Martial Art Association တို့ပူးပေါင်းပြီး R.Dengthuama ခန်းမတွင် ကျင်းပမည့် MISMA Fight Night ပွဲတွင် အထူးဧည်သည်တော်အဖြစ် တက်ရောက်မည်ဖြစ်သည်။

