ယာဉ်/ တင့်ကား ဖျက်မိုင်းတွေကကော ဘယ်လိုပုံစံမျိုးနဲ့ တွေ့ရတတ်လဲ? သူ့ရဲ့အလုပ်လုပ်ပုံကကော ဘယ်လိုလဲ? ကား/ ဆိုက်ကယ်တွေနဲ့ ခရီးသွားလာတဲ့အခါ ဘာတွေကို သတိထားရမလဲ?
အသွင်အပြင်နှင့် အမှတ်အသားများ
• ပုံသဏ္ဍာန်ကတော့ ထမင်းစားပန်းကန်အကြီးစား၊ သံအိုးအပြားကြီး ဒါမှမဟုတ် အဝိုင်းထူထူကြီးတွေနဲ့ တူပါတယ်။ များသောအားဖြင့် ကားလမ်းနဘေးနဲ့ မြေသားလမ်းတွေအောက်မှာ မြှုပ်ထားတတ်ပြီး ကားဘီးရာဟောင်းတွေထဲမှာ ဝှက်ထားတတ်ကြပါတယ်။
အလုပ်လုပ်ပုံ
• ဒီမိုင်းတွေဟာ လူသတ်မိုင်းတွေထက် အဆပေါင်းများစွာ ပိုကြီးပြီး ယမ်းပမာဏ အများအပြား ပါဝင်ပါတယ်။ သူတို့ဟာ အလေးချိန်အများကြီးသက်ရောက်မှ ပေါက်ကွဲအောင် ပြုလုပ်ထားတာဖြစ်ပြီး နင်းမိရင် ပေါက်ကွဲပါတယ်။
ရည်ရွယ်ချက်
• ရည်ရွယ်ချက်ကတော့ တင့်ကားတွေ၊ စစ်ကားတွေနဲ့ သံချပ်ကာကားတွေရဲ့ ဘီးတွေ၊ ချိန်းကြိုးတွေ ဒါမှမဟုတ် အင်ဂျင်တွေကို ဖျက်ဆီးဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ အရပ်သားသုံး မော်တော်ကားတွေ ဒါမှမဟုတ် ဆိုင်ကယ်တွေ နင်းမိရင်တော့ အတွင်းမှာရှိတဲ့သူအားလုံး အသက်ရှင်ဖို့ အခွင့်အလမ်း အလွန်နည်းပါးပါတယ်။
ဒါကြောင့် အနှစ်ချုပ်အားဖြင့်ပြောရမယ်ဆိုရင် –
” ဒီမိုင်းတွေဟာ ကားကိုတင် ပျက်စီးစေတာမဟုတ်ဘဲ ဘေးပတ်ဝန်းကျင်ကိုပါ အကြီးအကျယ် ထိခိုက်စေတာပါ။ ဒါကြောင့် မိုင်းရှင်းလင်းထားခြင်းမရှိတဲ့ မြေသားလမ်းတွေမှာ ကားမောင်းတာကို ရှောင်ကြဉ်ပါ၊ အထူးသဖြင့် မကြာသေးမီက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ လမ်းနဲ့ လောလောလတ်လတ် မြေကြီးတူးဆွသည့်နေရာများ၊ ကားဘီးရာဟောင်းတွေကြားမှာ မြေစာပုံအသစ်တွေတွေ့ရင် လုံးဝ ဖြတ်မမောင်းပါနဲ့။ သွားရောက် စစ်ဆေးခြင်းများ မပြုလုပ်ပါနဲ့”
ဒီနည်းအားဖြင့် ကျွန်တော်တို့တွေ သတိပြုရှောင်ကျဉ်ပြီး လိုရာခရီးအား ဘေးအန္တရာယ်ကင်းစွာ ရောက်ရှိနိုင်မှာဖြစ်ပါတယ်…

