(004SS)
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့တွင် နေအိမ်တစ်ခုကို နယ်မြေခံ ရဲတပ်ဖွဲ့နှင့် ဒေသခံအဖွဲ့အစည်းများက ဝင်ရောက်စီးနင်းခဲ့ရာ ခူမီး (ချင်း) အမျိုးသားတစ်ဦး အပါအဝင် စစ်အသုံးအဆောင်ပစ္စည်း များနှင့် ငွေကြေးများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၁၉ ရက် ည ၉ နာရီဝန်းကျင်တွင် ရဲတပ်ဖွဲ့နှင့်အတူ အသိသက်သေအဖြစ် Chanmari YLA တို့က Chanmari ရပ်ကွက်၊ Pi Lalremveli တိုက်သစ် ဒုတိယထပ်ရှိ မြန်မာနိုင်ငံသားများ နေထိုင်သည့်နေရာကို ဝင်ရောက်စစ်ဆေးခဲ့ ခြင်းဖြစ်သည်။
“မြန်မာပြည်ကစစ်ရှောင်တွေနေတဲ့နေရာမှာ စစ်အသုံးအဆောင်တွေရှိတယ်ဆိုလို့ ရဲတွေက သွားရောက်စီးနင်းခဲ့တာ ဟုတ်ပါတယ်။ စစ်ပစ္စည်းတစ်ချို့သိမ်းမိတယ်။ ခူမီးအမျိုးသားတစ်ဦးလဲ ဖမ်းမိပါတယ်။ ကျွန်တော်တို့ကတော့ ရပ်ကွက်ထဲကဖြစ်တာဆိုတော့ အသိသက်သေအဖြစ် လိုက်သွားရတာပါ။ ရဲတွေက ဘယ်လိုဆက်လုပ်သွားမလဲတော့ မသိသေးဘူးဗျ။ confidential ဆိုတော့” ဟု Chanmari YLA တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ စီးနင်းမှုအတွင်း ၇.၆၂ ကျည် ၇၁ တောင့်၊ ၅.၅၆ ကျည် ၁ တောင့်၊ ၉ မမ ကျည် ၁ တောင့်၊ ကျည်ကာအင်္ကျီနှင့် စစ်ဝတ်စုံအများအပြားအပြင် မြန်မာငွေကျပ် ၃၄ သိန်းနှင့် အိန္ဒိယငွေ ရူပီး ၅ သိန်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း Chandmary Defense Committee (CDC) ၏ ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူ ခူမီးအမျိုးသားတစ်ဦးနှင့်အတူ စစ်အသုံးအဆောင်ပစ္စည်းများကို ဒေသခံရဲတပ်ဖွဲ့က ထိန်းသိမ်းထားဆဲဖြစ်ကာ မည်သို့အရေးယူဆောင်ရွက်မည်ကို မသိရသေးကြောင်း Chanmari YLA တာဝန်ရှိသူထံမှ သိရသည်။
စီးနင်းခံရသည့်နေရာသည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အခြေပြု လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ခူမီးအမျိုးသားကွန်ကရက်ပါတီ/ခူမီးပြည်သူ့တပ်မတော် (KNCP/KPF) ၏ ယာယီရုံးစိုက်ရာနေရာဟု ချင်းသတင်းဌာနတချို့တွင်ဖော်ပြကြသည်။
တဖက်တွင်လည်း GKO ရုံးဖြစ်သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့ပြီး အဆိုပါကိစ္စနှင့် ပါတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်း ၂ ခုအား မေးမြန်းရာမှာ ယင်းနေရာမှာ KNCP/KPF ရုံးသာဖြစ်ပြီး GKO အဖွဲ့၏ ရုံးမှာ လောင်တလိုင်တွင် မရှိကြောင်း GKO တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ KNCP/KPF ထံ ဆက်သွယ်မေးမြန်းထားသော်လည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ အကြောင်းပြန် ဖြေကြားထားခြင်း မရှိသေးပေ။

