(005MK)
မီဇိုရမ်ပြည်နယ်တွင် အသက် ၁၅ နှစ်အရွယ် ကျောင်းသူ H. Lalramdinpuii အသတ်ခံရမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ ၂ ဦးကို မီဇိုရမ်ရဲတပ်ဖွဲ့က ယနေ့မှာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီဟုသိရသည်။
မီဇိုရမ်ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ Lunglei ခရိုင်၊ Mualthuam North ရွာသူ H. Lalramdinpuii အသတ်ခံရမှုနှင့် ပတ်သက်၍ Lunglei ရဲတပ်ဖွဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (SIT) က သေချာစွာ စုံစမ်းစစ်ဆေးကာ သံသယရှိသူ အသီးသီးကို ခေါ်ယူစစ်ဆေးခဲ့ရာ Mualthuam North ရွာမှ Denghmingthanga (၂၀ နှစ်) နှင့် Lalneihkima (၃၄ နှစ်) တို့ နှစ်ဦးကို ယနေ့မှာ ဖမ်းဆီးလိုက်သည်ဟု သိရသည်။
Denghmingthanga နှင့် Lalneihkima တို့ နှစ်ဦးကို အကြိမ်ကြိမ် မေးမြန်းစစ်ဆေးရာမှာ ၎င်းတို့၏ ဖုန်းအသုံးပြုမှု မှတ်တမ်းများ (digital evidence) နှင့် မှုခင်းဆေးပညာဆိုင်ရာ အထောက်အထားများ (forensic evidence) မှ တစ်ဆင့် မသင်္ကာဖွယ်ရာများကို ဆက်လက်စုံစမ်းခဲ့ပြီး၊ အထောက်အထားများနှင့် မေးခွန်းအမျိုးမျိုးကို ရင်ဆိုင်ရ ပြီးနောက် ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့တွင် ၎င်းတို့နှစ်ဦးသည် Lunglei ရဲတပ်ဖွဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ SIT ရှေ့မှောက်မှာ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ကြသည်ဟု သိရသည်။
ပြစ်မှုဝန်ခံပြီးနောက် ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ယနေ့ မွန်းလွဲ ၁:၀၀ နာရီတွင် ချက်ချင်းဖမ်းဆီးခဲ့ပြီး ယနေ့ မွန်းလွဲပိုင်းမှာပင် တရားရုံးချုပ်နှောင်မှု (Judicial Custody) သို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။
H. Lalramdinpuii အသတ်ခံရမှု၏ အသေးစိတ် ဖြစ်စဉ်နှင့် အထောက်အထား အမျိုးမျိုးကိုမူ လက်ရှိတွင် အမှုစုံစမ်း စစ်ဆေးမှုကို အနှောင့်အယှက် ဖြစ်စေနိုင်သောကြောင့် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း၊ လူသတ်မှုကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကာ အထောက်အထားများနှင့် သက်ဆိုင်ရာများကို ဆက်လက်ဖော်ထုတ်နေဆဲဖြစ်သည်ဟု ဆိုသည်။
ပြည်သူများအနေဖြင့် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှု ဖြစ်စဉ်များကို စောင့်ကြည့်ကြရန်နှင့် သီးသန့် အရေးယူဆောင်ရွက် ခြင်းများ မပြုလုပ်ကြရန် တောင်းဆိုထားသည်။
H. Ramdinpuii သည် ဩဂုတ်လ ၃ ရက် ညက ပျောက်ဆုံးသွားခဲ့ပြီး ဩဂုတ်လ ၅ ရက်နေ့တွင် ၎င်းတို့ကျေးရွာ Govt Middle School ဝင်းအတွင်း အလောင်းကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။
အဆိုပါြဖစ်စဉ်နှင့်ပတ်သက်၍ မီဇိုရမ် ရဲတပ်ဖွဲ့သည် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (SIT) ဖွဲ့စည်းကာ အမှုအမှန် ပေါ်ပေါက်ရေးအတွက် စုံးစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီးနောက် ၂ ပတ်ကျော်အကြာမှာ ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
ပုံစာ- အသတ်ခံရသည့်ကျောင်းသူ

