(006SV)
ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC/ CB) အင်အားစုများအကြား ပြန်လည်သင့်မြတ်ရေးနှင့် စည်းလုံးညီညွတ်ရေးအတွက် “Chin Peace Summit 2026” ခေါင်းစဉ်ဖြင့် ချင်းငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပခဲ့သည်ဟု သိရသည်။
ဩဂုတ်လ ၆ ရက်မှ ၈ ရက်အထိ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့၊ Aijal Club မှာ အဆိုပါ ချင်းငြိမ်းချမ်း ရေးဆွေးနွေးပွဲကို အမေရိကန်အခြေစိုက် Chin Peace and Reconciliation Initiative (CPRI) နှင့် မီဇိုရမ်ပြည်နယ် အစိုးရက ဦးဆောင်ဖွဲ့စည်းပေးထားသော Advocacy Group for Peace, Mizoram တို့က ဦးဆောင်၍ ပူးပေါင်း ကျင်းပသည်ဟု သိရသည်။
အဆိုပါ ချင်းငြိမ်းချမ်းရေးညီလာခံကို ချင်းလဲန်းကောင်စီမှ ထိပ်ပိုင်းခေါင်းဆောင်များ၊ ချင်းပြည်အစိုးရအဖွဲ့မှ ဝန်ကြီး ချုပ် ဦးဆောင်သော အစိုးရအဖွဲ့ဝင်တချို့ တက်ရောက်သည်ကို တွေ့ရပြီး ICNCC နှင့် ချင်းညီနောင် (CB) တို့မှ သဘာပတိအဖွဲ့ဝင်တချို့အပါအဝင် နိုင်ငံရေးနှင့် စစ်ရေးထပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။
မီဇိုရမ်ပြည်နယ်မှ ပြည်ထဲရေးဝန်ကြီးအပါအဝင် ပြည်နယ်အစိုးရတာဝန်ရှိသူတချို့၊ ဘာသာရေးအဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ မီဇိုးလူငယ်များအသင်း (CYMA) အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများက ကိုယ်စားလှယ်များ တက်ရောက်သည်ဟု သိရသည်။
အဆိုပါချင်းအင်အားစုများအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မည်ကဲ့သို့ ကျင်းပခဲ့သည်၊ မည်သည့်အကြောင်းအရာများ သဘောတူညီမှု ရရှိခဲ့သည်ကို ခိုနူမ်းသုန်အနေဖြင့် မသိရသေးသော်လည်း သိရှိနိုင်ရန် ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။
၃ ရက်တာ ကျင်းပသော အဆိုပါ ညီလာခံတွင် ချင်းတော်လှန်ရေးအင်အားစုများအကြား သွေးထွက်သံယိုမှုများအထိ ဖြစ်ပွားခဲ့သော သဘောထားကွဲလွဲမှုများမှ ညီညွတ်ရေးနှင့် ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု နားလည်ရသည်။
Chin Peace Summit 2026 ကို ဦးဆောင်ကျင်းပသော CPRI အဖွဲ့ခေါင်းဆောင်းများသည်လည်း မီဇိုရမ်ဝန်းကြီးချုပ်နှင့် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

