(006SV)
အရှိုချင်းလူငယ် ခေါင်းဆောင်တစ်ဦးဖြစ်သည့် CDF- အရှို တပ်ဦးချုပ် ဆလိုင်းရိုးရှင်း ကျဆုံးမှုသည် တော်လှန်ရေး အတွက်သာမက ပြည်ထောင်စုနှင့် အရှိုချင်းတစ်မျိုးသားလုံးအတွက်ပါ ကြီးမားသော ဆုံးရှုံးမှုကြီးဖြစ်သည်ဟု လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA – မကွေး)က ကြေညာသည်။
PRA – မကွေး၏ ဗဟိုကော်မတီက ချင်းကာကွယ်ရေးတပ် – အရှို၏ တပ်ဦးချုပ် ဆလိုင်းရိုးချင်း ကျဆုံးခြင်းအတွက် ဩဂုတ်လ ၁၈ ရက်က ပေးပို့သော သဝဏ်လွှာတွင် ယင်းသို့ ထုတ်ပြန်ခြင်းဖြစ်သည်။
“CDF -အရှို တပ်ဦးချုပ် ဆလိုင်းရိုးချင်း ကျဆုံးမှုနဲ့ပတ်သက်လို့ ကျနော်တို့ အလွန်ပဲ ဝမ်းနည်းကြေကွဲရပါတယ်။ အလေးနီလည်း ပြုပါတယ်။ အထူးသဖြင့် အရှိုလူမျိုးတွေအတွက်လည်း ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ သူချမှတ်ခဲ့တဲ့ မူဝါဒတွေ၊ သူချခဲ့တဲ့ တော်လှန်ရေး စိတ်ဓါတ်တွေကို ကိုင်စွဲပြီးတော့မှ CDF အရှိုဟာ ဆက်လက် ရပ်တည်နေပြီးတော့မှ တော်လှန်ရေးမှာ ရှိနေမယ်ဆိုတာ ယုံကြည်ထားပါတယ်” ဟု PRA – Magway တပ်ဖွဲ့ ဥက္ကဌ ကိုနေမွန်က ပြောသည်။
နွေဦးတော်လှန်ရေး ခရီးလမ်းသည် ကြမ်းတမ်းခက်ခဲလှပြီး အဖိုးတန် အသက်ပေါင်းများစွာကို စတေးခဲ့ရသော ခရီးရှည်ကြီး တစ်ခုဖြစ်သည်ဟု PRA – မကွေး၏ ထုတ်ပြန်ချက်မှာ ရေးသားထားသည်။
ယခုကဲ့သို့ မိမိတို့၏ ကိုယ်ကျိုးကို စွန့်လွှတ်ကာ တိုင်းပြည်နှင့် လူမျိုး၏ အနာဂါတ်အတွက် ရှေ့တန်းမှ ဦးဆောင်ခဲ့သော အရှိုချင်းလူငယ်ခေါင်းဆောင်တစ်ဦး ကျဆုံးသွားရခြင်းသည် ကြီးမားလှသော ဆုံးရှုံးမှုကြီးဖြစ်သည်ဟု PRA- မကွေး၊ ဗဟိုကော်မတီက အသိပေးသည်။
“ဆလိုင်းရိုးရှင်းက အရှိုလူငယ် သူရဲကောင်းတစ်ဦးလို့ သတ်မှတ်ရမယ့် လူတစ်ယောက်ဖြစ်တယ်။ သမိုင်းမှာဆိုရင် အရှိုချင်းတိုင်းရင်းသား ခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကဲ့သို့ပဲ သူလည်း ဆလိုင်းတင်မောင်ဦးကို နမူနာ ယူပြီးတော့မှ စစ်အာဏာရှင်စနစ်ကို ဒူးမထောက်၊ လက်မမြှောက်ပဲ နောက်ဆုံးအချိန်အထိ တော်လှန်သွားတဲ့ လူငယ်ခေါင်းဆောင်တစ်ဦး ဖြစ်တယ်။ ဒီ့အတွက်လည်း ကျနော်တို့ အမြဲလေးစား အသိအမှတ်ပြုပါတယ်။ သူကိုတော့ အရှိုချင်းလူငယ််တွေက အရှိုချင်း သူရဲကောင်းအဖြစ် အမြဲတမ်းအသိအမှတ်ပြုနေမယ်ဆိုတာ ယုံကြည်ထားလျက်ရှိပါတယ်” ဟု PRA – Magway တပ်ဖွဲ့ ဥက္ကဌ ကိုနေမွန်က ပြောသည်။
တပ်ဦးချုပ် ဆလိုင်းရိုးချင်း ချမှတ်ခဲ့သော မူဝါဒများ၊ ပြသခဲ့သော ရဲစွမ်းသတ္တိများနှင့် တော်လှန်ရေးအပေါ် ထားရှိသော သစ္စတရားတို့သည် နွေဦးတော်လှန်ရေး၏ မီးရှူးတန်ဆောင်းများအဖြစ် ရှေ့ဆက်ခရီးအတွက် ဆက်လက်လမ်းပြနေမည်ဟု PRA – မကွေးက ဆိုသည်။
ဩဂုတ်လ ၁၄ ရက်က CDF- အရှို၏ တပ်ဦးချုပ် အပါအဝင် ရဲဘော် ၃ ဦးတို့သည် အထောက်စခန်းဘက်သို့ သွားရောက်စစ်ဆေးစဉ် စစ်တပ်စစ်ကြောင်းနှင့် တိုးပြီး စောင့်ကြိုစီးနင်းတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးခဲ့ရသည်ဟု သိရသည်။
တပ်ဦးချုပ်ကို ယခုကဲ့သို့ ဆုံးရှုံးရမှုသည် CDF – အရှိုတပ်ဖွဲ့နှင့် အရှိုချင်းလူမျိုးအားလုံးအတွက် အစားထိုးမရသော ဆုံးရှုံးမှု ဖြစ်ပြီး ယုံကြည်စွာ အပ်နှင်းခံရသော တပ်၏ တပ်ဦးချုပ်တာဝန်နှင့် တော်လှန်ရေး တာဝန်များကို အသက်နှင် ခန္ဓာစွန့်၍ တာဝန်ထမ်း ဆောင်ခဲ့သောကြောင့် များစွာ ဂုဏ်ယူပါသည်ဟု CDF – အရှိုက ထုတ်ပြန်သည်။
ဧရာဝတီမြစ်အနောက်ခြမ်းရှိ မကွေးတိုင်း၊ ငဖဲ၊ မင်းလှ၊ စေတုတ္တရာမြို့နယ်အခြေပြု စစ်ရေးလှုပ်ရှားသော PRA – Magway နှင့် အရှိုချင်းဒေသအခြေပြုသော ချင်းကာကွယ်ရေးတပ်- အရှိုတို့သည် တော်လှန်ရေးမဟာမိတ်များ ဖြစ်သည်ဟု သိရသည်။
CDF- အရှို တပ်ဦးချုပ် ဆလိုင်းရိုးရှင်း ကျဆုံးမှုနှင့်ပတ်သက်၍ မကွေးအစိုက်တော်လှန်ရေးအဖွဲ့တချို့က ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ ထုတ်ပြန်ထားသကဲ့သို့ တော်လှန်ရေးအင်အားစုများက အရှိုချင်းတော်လှန်ရေးနှင့် နွေဦးတော်လှန်ရေးအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်သည်ဟု အသိပေးထုတ်ပြန်ကြသည်။
CDF – အရှိုသည် မကွေးတိုင်း၊ ဧရာဝတီမြစ်အနောက်ခြမ်းရှိ အရှိုချင်းလူမျိုးများ ပြန့်ကြဲနေထိုင်နေသော ငဖဲမြို့နယ်အပါအဝင် မြို့နယ်ဒေသတချို့တွင် စစ်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိပြီး ချင်းတစ်မျိုးသားလုံး၏ မွေးရာပါ ရပိုင်ခွင့်အခွင့်အရေးနှင့် သက်ဆိုင်သော လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးတို့အတွက် တော်လှန်တိုက်ပွဲဝင်နေသော ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။

