(006SV)
မကွေးတိုင်းအနောက်ခြမ်းမှ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့- အရှို (CDF- အရှို)၏ တပ်ဦးချုပ် အပါအဝင် ရဲဘော် ၃ ဦးတို့သည် စစ်တပ်၏ စောင့်ကြိုစီးနင်းတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးခဲ့ရသည်ဟု ယနေ့ ဩဂုတ်လ ၁၇ ရက်မှာ ကြေညာသည်။
ဩဂုတ်လ ၁၄ ရက်က တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ရင်း CDF – အရှို တပ်ဦးချုပ် ဆလိုင်းရိုးချင်း၊ ဒုတပ်ကြပ် ဆလိုင်းဖြိုးသီဟဇော်နှင့် ရဲဘော်အောင်လင်းဇော်တို့ ကျဆုံးခဲ့ရခြင်းဖြစ်သည်။
“အထောက်စခန်းဘက်ကို ရဲဘော်တွေနဲ့ သွားစစ်ကြည့်ရင်း စစ်တပ်စစ်ကြောင်းနဲ့တိုးပြီး အဝိုင်းခံရတဲ့ပုံစံမျိုးပါ။ ကျနော်တို့ တော်လှန်ရေးဘက်က ရဲဘော် ၃ ဦး အင်အားပါပဲ ” ဟု CDF – အရှိုတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တပ်ဦးချုပ်ကို ယခုကဲ့သို့ ဆုံးရှုံးရမှုသည် CDF – အရှိုတပ်ဖွဲ့နှင့် အရှိုချင်းလူမျိုးအားလုံးအတွက် အစားထိုးမရသော ဆုံးရှုံးမှု ဖြစ်ပြီး ယုံကြည်စွာ အပ်နှင်းခံရသော တပ်၏ တပ်ဦးချုပ်တာဝန်နှင့် တော်လှန်ရေး တာဝန်များကို အသက်နှင် ခန္ဓာစွန့်၍ တာဝန်ထမ်း ဆောင်ခဲ့သောကြောင့် များစွာ ဂုဏ်ယူပါသည်ဟု CDF – အရှိုက ထုတ်ပြန်သည်။
ဒုတပ်ကြပ် ဆလိုင်းဖြိုးသီဟဇော်နှင့် ရဲဘော်အောင်လင်းဇော်တို့ ကျဆုံးမှုသည်လည်း CDF – အရှိုအတွက် အစားထိုး မရသော ဆုံးရှုံးမှုဖြစ်သည်ဟု CDF – အရှိုထံမှ သိရသည်။
အဆိုပါတိုက်ပွဲဖြစ်စဉ်အတွင်း စစ်တပ်က CDF – အရှို၏ ရဲဘော် ၁ ဦးကို ဖမ်းဆီးရမိထားသည်ဟု သတင်းများ ထွက်ပေါ်နေမှုမှာ မဟုတ်ကြောင်း၊ ဖမ်းဆီးခံရမှု မရှိကြောင်း CDF – အရှိုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆက်လက်၍ မပြီးပြတ်သေးသော တော်လှန်ရေးတာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း CDF – အရှို၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
CDF – အရှိုသည် မကွေးတိုင်း၊ ဧရာဝတီမြစ်အနောက်ခြမ်းရှိ အရှိုချင်းလူမျိုးများ ပြန့်ကြဲနေထိုင်နေသော ငဖဲမြို့နယ်အပါအဝင် မြို့နယ်ဒေသတချို့တွင် စစ်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိပြီး ချင်းတစ်မျိုးသားလုံး၏ မွေးရာပါ ရပိုင်ခွင့်အခွင့်အရေးနှင့် သက်ဆိုင်သော လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးတို့အတွက် တော်လှန်တိုက်ပွဲဝင်နေသော ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။

