(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းရွာတိုက်ပွဲတွင် တော်လှန်ရေးရဲဘော် (၄) ဦး ကျဆုံးခဲ့ရသည်ဟု ကလေး မြို့ မြို့ပြစီမံချက် UG တပ်ဖွဲ့က ယနေ့ ဩဂုတ်လ (၂၅) ရက်နေ့တွင် ထုတ် ပြန်သည်။
ဩဂုတ်လ (၁၅) ရက်နေ့က ကလေး-ဂန့်ဂေါလမ်းမပေါ်ရှိ နတ်ချောင်းရွာတိုက်ပွဲတွင် စစ်တပ်၏ ထိုးစစ်အား ရဲဝင့်စွာ ခုခံကာကွယ်ရင်း အသက် (၂၇) နှစ် အရွယ် ရဲဘော် ကျော်မိုးဝင်း(ခ) မုဆိုး၊ အသက် (၂၈) နှစ်အရွယ် ရဲဘော် ဇင်ကိုလတ်၊ အသက် (၄၃) နှစ်အရွယ် ရဲဘော် အောင်မြင့်ဝင်း နှင့် အသက် (၂၈) နှစ်အရွယ် ရဲဘော် ကျော်စိုးအောင် တို့သည် ကျဆုံးခဲ့ရသည်ဟု ကလေး မြို့ မြို့ပြစီမံချက် UG တပ်ဖွဲ့ကဆိုသည်။
ကျဆုံးတပ်ဖွဲ့ဝင်ရဲဘော်များ၏ တိုက်ပွဲဝင်စိတ်ဓာတ်နှင့် နိုင်ငံ၊ လူမျိုးအပေါ် အနစ်နာခံပေးဆပ်မှုတို့အား ဂုဏ်ယူလေးစား စွာ ဦးညွှတ်အလေး ပြုသည့်အပြင် ကျန်ရစ်သူ မိသားစုနှင့်တကွ တပ်တူထပ်မျှဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။
ထို့အပြင် ကျဆုံးရဲဘော်များ၏ ဂုဏ်ကို အစဉ်အမြဲအောက်မေ့လျှက် ၎င်းတို့၏ နောက်ဆုံးထွက်သက်အထိ ဆန့်ကျင် တော်လှန်ခဲ့သော အကြမ်းဖက် စစ်ကောင်စီနှင့် စစ်အာဏာရှင်စနစ်အား ကျန်ရှိနေသော ရဲဘော်များမှ အမြစ်ဖြတ်ချေ မှုန်းကာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တော် တည်ဆောက်နိုင်သည်အထိ ဆက်လက် တိုက်ပွဲဝင်သွား မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

