(006SV)
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အမှတ် ၃ နယ်မြေအတွင်းရှိ ကျေးရွာ ၈ ရွာမှ ဒေသခံပြည်သူများက ချင်းပြည်သူ့ အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/ CPA) ၏ ကာကွယ်ရေးအသုံးစရိတ်အတွက် ကျပ်သိန်း ၂၀ ထောက်ပံ့ ကူညီခဲ့ကြောင်း သိရသည်။
CPU/ CPA ၏ ချင်းပြည်နှင့် ပြည်သူလူထုအား ကာကွယ်ရေးတိုက်ပွဲတွင် အသုံးပြုရန်အတွက် ပလက်ဝမြို့နယ်၊ အမှတ် ၃ နယ်မြေအတွင်းရှိ ကျေးရွာ ၈ ရွာမှ ဒေသခံပြည်သူများက ပါဝင်လှူဒါန်းကြသော ရန်ပုံငွေ ကျပ်သိန်း ၂၀ ကို ဩဂုတ်လ ၂၃ ရက်မှာ ချင်းပြည်သူ့အစည်းအရုံး၏ ဘဏ္ဍာရေးကော်မရှင်က လက်ခံရရှိကြောင်း သိရသည်။
“ခုလို အခက်အခဲပေါင်းစုံနဲ့ ရုန်းကန်နေရချိန်မှာ ပလက်ဝက ချင်းညီအစ်ကိုတွေအနေနဲ့ ဒရုန်းသံ၊ လေယာဉ်သံ၊ ဗုံးသံ၊ လက်နက်ကြီးသံတွေ မကြားရဘဲ ဝေးနေပေမယ့်လည်း၊ ကိုယ်နဲ့မဆိုင်သလို မနေဘဲ တသားတည်းရပ်တည်ပြီး တတ်နိုင်သမျှ ခြစ်ကုတ်စုစည်းပြီး ချင်းပြည်ကာကွယ်ရေးမှာ ပါဝင်ကူညီကြတာကို ကျေးဇူးအထူးတင် အမှတ်တရ ရှိပါတယ်” ဟု CPU/CPA ၏ အတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောသည်။
လက်ရှိ ကျပ်တည်းနေချိန်မှာ တက်ညီလက်ညီဖြင့် ဝိုင်းဝန်းကူညီ ရုန်းကန်သည့် ပလက်ဝမှ မိဘပြည်သူများကို ကျေးဇူးတင်ရှိကြောင်း၊ နောင်ကို အခွင့်အခါ ကြုံသောအချိန်တွင် မိမိတို့အနေဖြင့် ပြန်လည်ကူညီနိုင်အောင် ကြိုးစားသွားမည်ဟု ဆလိုင်းယောမာန်က သူ၏ လူမှုကွန်ယက်မှာ ရေးသားထားသည်။
မေလလယ်မှ စတင်၍ ချင်းတောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့များသို့ ဦးတည်၍ ထိုးစစ်ဆင်နေသော စစ်တပ်နှင့် ချင်းပူးပေါင်းတပ်တို့ကြား လချီ တိုက်ပွဲများ ဖြစ်ပွားနေခဲ့ရာမှ လတ်တလောရက်များတွင် ထိတွေ့တိုက်ပွဲများမှာ ယခင်လက ထိုးစစ်များကဲ့သို့ မပြင်းထန်ဘဲ အပြန်အလှန်ပစ်ခတ်မှုများ ရှိနေဆဲဖြစ်သည်ဟု သိရသည်။

