(004SS)
အာဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် မြို့ပြပင်စင် အပါအဝင် ပင်စင်လစာများ ထုတ်ယူရန်အတွက် စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“အခု လောလောဆယ်မှာတော့ ပင်စင်လျှောက်လို့ ရပါပြီ။ ဒါပေမဲ့ ပင်စင်စာအုပ်နဲ့အတူ လူကိုယ်တိုင်ပဲ လာလျှောက်ရမှာပါ၊ ကိုယ်စား ထုတ်ပေးတာမျိုးတော့ မရသေးပါဘူး” ဟု ဘဏ်နှင့် နီးစပ်သည့် ဒေသခံ အမျိုးသမီးက ပြောသည်။
စက်တင်ဘာ ၂၁ ရက်နေ့တွင် မြို့ပြပင်စင်ထုတ်ယူမည့်သူများကို ထုတ်ပေးသွားမည်ဖြစ်ပြီး လာရောက်လျှောက်ထား သည့်နေ့တွင် ကိုယ်ပိုင်တိုကင်များ ထုတ်ပေးသွားမည်ဟု သိရသည်။
ထို့အပြင် နိုင်ငံရေးပင်စင်နှင့် အခြားပင်စင်အမျိုးအစားများကိုလည်း စတင်လျှောက်ထားနိုင်ပြီဖြစ်ကာ ထုတ်ပေးမည့်ရက်ကို ဘဏ်ဘက်မှ ထပ်မံကြေညာပေးသွားမည်ဟုသိရသည်။
ဖလမ်းမြို့သည် အာဏာသိမ်းစစ်တပ်က လေကြောင်းနှင့် မြေပြင် သာလွန်အင်အားဖြင့် ၆ လကျော်ကြာ ထိုးစစ်ဆင် တိုက် ခိုက်ခဲ့ပြီးနောက် ယခုနှစ် ဧပြီလ ၂၅ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်ခဲ့သည့် မြို့ဖြစ်ပြီး မေလ (၆) ရက်နေ့မှစတင်ကာ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ အသီးသီး ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိသည်။
ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းကလည်း ဖလမ်းမြိုအား ဘုရားသခင်ထံ အပ်နှံသည့် Sathiluan ဆုတောင်းပွဲကိုလည်း လူဦးရေ ၃၀၀၀ ဝန်းကျင်ဖြင့်ကျင်းပခဲ့ကြသည်။
လက်ရှိတွင် မြို့နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီ၏ ကြပ်မတ်မှုဖြင့် မြို့တွင်းဘဏ် ဝန်ဆောင်မှုများအပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ထားသည်။

