ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ရန် အကူအညီများ အရေးပေါ်လိုအပ်ဟု ဆို
(006SV)
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ချင်းပြည်တဝန်းမှာ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်နေသည့်အတွက် ချင်းပြည်သည် သဘာဝန်ဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ လိုအပ်နေကြောင်း ချင်းပြည်အစိုးရ၊ လူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာနထံမှ သိရသည်။
ချင်းပြည်၏ နေရာအနှံ့အပြားမှာ ရေကြီးရေလျှံမှု၊ မြေပြိုမှုများကြောင့် ဆေးရုံဆေးခန်းများ၊ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ကိုယ်ထူကိုယ်ထ လျှပ်စစ်ဓါတ်အားပေးရုံများ၊ လမ်းနှင့် တံတားများ စသည့်တို့မှာ ထိခိုက်ပျက်စီးမှု များပြားကြောင်း ချင်းပြည် အစိုးရ၊ လူမှုဖွံ့ဖြိုးရေးဝန်ကြီး Pu Za Thawng က ပြောသည်။
“ရေကြီးတာက ချင်းတောင်မှာ သိတဲ့အတိုင်း မိုးနည်းနည်း များရင်တောင် မြေပြိုတယ်၊ အခု ရေကြီးမှုလည်း ကြုံနေရတယ်။ တချို့ဒေသမှာဆိုရင် လမ်းတွေ အင်မတန်မှ ပြိုတယ်၊၊ သွားရေးလာရေး တော်တော် ခက်ခဲနေတယ်။ လမ်းသားတွေ ပဲ့ကျတာတို့၊ လမ်းတွေအကုန် ပါသွားတာတို့၊ ဒီလမ်းတွေက တကယ့် ပြည်သူတွေ အသုံးပြုတဲ့၊ တချို့နေရာမှာဆိုရင် ပြည်ထောင်စုလမ်းမတွေ၊ မြို့ချင်းဆက် လမ်းမတွေ ဖြစ်နေတယ်။ အခုက ရေက တအားကြီးနေတဲ့ အခါကြတော့ တော်တော်များများ ကျနော်တို့ ဌာနဆီကို သတင်းပို့လာတဲ့အရ တံတားတွေ ပါသွားတယ်။ တော်တော်လေး ပါသွားတာ တွေ့ရပါတယ်။ ဒါတောင်မှ ကျနော်တို့ မြို့နယ်ဒေသအားလုံးရဲ့ သတင်းကို မစုစည်းနိုင်သေးဘူး။ ကျနော်တို့ စုစည်းနိုင်သလာက်ကတော့ လမ်းပန်းဆက်သွယ်ရေးက ပျက်စီးမှု တော်တော်လေး ကြုံတွေ့နေရပါတယ်” ဟု လူမှုဖွံ့ဖြိုးရေးဝန်ကြီး Pu Za Thawng က ပြောသည်။
တော်လှန်ရေးကာလဖြစ်သည့်အတွက် ဖြစ်ပျက်နေသော နေရာဒေသများကို အတိအကျ ဖော်ပြရန် အဆင်မပြေသေးကြောင်း၊ ချင်းပြည်တဝန်း ထိခိုက်ပျက်စီးမှု အခြေအနေများကို စာရင်းပြုစုနေဆဲ ဖြစ်ကြောင်း သိရသည်။
ထန်တလန်မြို့နယ်ကောင်စီ၊ ဟွာလ်ငိုရမ်းဒေသ အပါအဝင် ဟားခါးနှင့် ဆဲန်ထန်၊ ဇိုတုန်၊ မတူပီဘက်သို့ သွားသော လမ်းများ၊ မင်းတပ် – မတူပီကြားက လမ်းပိုင်း စသည့် မြို့နယ်ဒေသနှင့် နေရာတချို့တွင် ရုတ်တရက် ရေကြီးမှု၊ မြေပြိုမှု အများအပြား ဖြစ်ပွားနေသည်ဟု သိရသည်။
ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ရှိရာ ချင်းလုံမြို့မှာလည်း တီအိုချောင်းရေကြီးမှုကြောင့် ဗစ်တိုရီယား အထွေထွေရောဂါ ကုဆေးရုံး၏ အစိတ်အပိုင်းတချို့ ရေနစ်မြှပ်ခဲ့ပြီး အရေးပေါ် ရွေ့ပြောင်းမှုတချို့ ပြုလုပ်ခဲ့ရကာ အကူအညီများ အရေးပေါ် လိုအပ်နေသည်ဟု သိရသည်။
အဆိုပါဆေးရုံးအတွက် ဆေးနှင့် ဆေးဝါးပစ္စည်းများ၊ အစာအစားနှင့် သောက်ရေ၊ အမိုးအကာနှင့် နေရာထိုင်ခင်းများ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ အရေးပေါ် ရွေ့ပြောင်းရေးနှင့် သယ်ယူပို့ဆောင်ရေးများ၊ လူနာနှင့် ကျန်းမာရေးဝန်ထမ်း များအတွက် အကူအညီများ အရေးပေါ် လိုအပ်နေသည်ဟု အဆိုပါဆေးရုံးက ယမန်နေ့က ထုတ်ပြန်သည်။
တီးတိန်မြို့နယ်၊ လိုင်တွီးတံတားနှင့် လိုင်တွီးရွာအကြား လမ်းပိုင်းမှာ မြေပြိုကျမှု ဖြစ်ပွားနေပြီး လက်ရှိမှာ အသုံးပြု၍ မရနိုင်သေး ကြောင်း၊ အဆိုပါလမ်းပိုင်းကို ပြင်ဆင်မှု ဆောင်ရွက်နေရာ ၂ ရက်မှ ၃ ရက်ခန့် ကြာမြင့်နိုင်ကြောင်း PDF – Zoland က ယနေ့မှာ ထုတ်ပြန်သည်။
အိုအိမ်စွ့န်ခွာရသော ချင်းပြည်သူများသည် မြစ်ချောင်းဘေးအနီးမှာလည်း အများအပြား စစ်ဘေးရှောင် နေထိုင်ရှိသည့်အတွက် လက်ရှိ ရုတ်တရက် ရေကြီးရေလျှံမှုအတွင်း အခြေခံစားနပ်ရိက္ခာအကူအညီများ၊ အမိုးအကာများ၊ ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများ လိုအပ်နေသည်ဟု လူမှုဖွံ့ဖြိုးရေးဝန်ကြီး Pu Za Thawng က ပြောသည်။
လမ်းနှင့် တံတား အများအပြားလည်း ပြိုကျ ပျက်စီးမှုများကြောင့် ချင်းပြည်သူများသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေကြောင်း သိရသည်။
“ပျက်စီးဆုံးရှုံးမှုအနေနဲ့က တံတားဘယ်နှစ်စင်း၊ တိကျမှု မရသေးပါဘူး။ လမ်းတွေကတော့ ချင်းတောင်မှာက လမ်းတွေ ပြုပြင်ဖို့ရာမှာတော့ ပျက်စီးမှု တန်ဖိုးကို ဘယ်လိုမှ ဖော်ပြလို့ မရနိုင်ဘူး။ ချင်းတောင်မှာက လမ်းတွေက အခုကောင်းသွားပြီး မနက်ဖြန် ပြန်ပြို၊ အဲလိုမျိုး ဖြစ်နေတယ်။ ဘယ်လိုပြိုနေသလဲဆိုရင် အရင်နှစ်တွေထက် တော်တော်ကို ပိုပြိုနေပါတယ်။ တန်ဖိုးအနေနဲ့က ဖော်ပြလို့ မရပါဘူး။ ကြိုးတံတားတွေ၊ ဘေဘီတံတားတွေ ပါသွားတာက စာရင်းကောက်နေဆဲပါ၊၊ မြို့နယ်ဒေသ တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်နေဆဲ ဖြစ်ပါတယ်” ဟု လူမှုဖွံ့ဖြိုးရေးဝန်ကြီး Pu Za Thawng က ပြောသည်။
နိုင်ငံတကာရှိ ချင်းပြည်သူများ၊ ပြည်တွင်းပြည်ပ အလှူရှင်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် နိုင်ငံတကာရှိ ချင်းအသင်းတော်များ အနေဖြင့် ချင်းပြည်တဝန်း သဘာဝဘေးဒဏ် ကြုံတွေ့နေရသော ပြည်သူများနှင့် မြို့နယ်၊ဒေသများ ပြန်လည်ထူထောင်ရေး အတွက် ဝိုင်းဝန်းပံ့ပိုးကူညီပါရန် ချင်းပြည်အစိုးရ၊ လူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာနက ကြေညာသည်။
“လောလောဆယ် ချင်းပြည်မှာ သဘာဝဘေးနဲ့ ရင်ဆိုင်နေရတယ်။ ကျနော်တို့ ကူညီဖို့ရန်အတွက်က အခုက တော်လှန်ရေး ကာလဖြစ်တဲ့ အားလျော်စွာ အလှူရှင်တွေကို ဖိတ်ခေါ်ချင်ပါတယ်။ နိုင်ငံတကာ ချင်းအသိုင်းအဝိုင်းတွေ၊ အသင်းတော်တွေ၊ အလှူရှင်တွေကို ချိတ်ဆက်ပြီးမှ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အတတ်နိုင်ဆုံး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု လူမှုဖွံ့ဖြိုးရေးဝန်ကြီး Pu Za Thawng က ပြောသည်။
ဒေသခံချင်းပြည်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်ဒေသ၏ ဒေသန္တရအစိုးရ တာဝန်ရှိသူများထံ မိမိတို့ဒေသအတွင်း သဘာဝဘေးကြုံတွေ့ရမှု သတင်းအချက်အလက်များကို အချိန်မီပေးပို့ခြင်းဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရန် ချင်းပြည်အစိုးရက ထုတ်ပြန်သည်။
ပြည်တွင်းပြည်ပ ပြည်သူများအနေဖြင့် ချင်းပြည်အစိုးရအဖွဲ့မှ တာဝန်ရှိသူများထံ +၉၁၉၃၆၂၂၁၂၅၀၃ ၊ +၉၁၉၂၃၃၉၄၄၁၉၈ ၊ +၉၁၉၃၆၂၈၅၈၇၆၄ စသည့် ဖုန်းနံပါတ်များကို အသုံးပြု၍ Signal မှတစ်ဆင့်လည်း ဆက်သွယ်နိုင်ကြောင်း သိရသည်။
စက်တင်ဘာလ ၂၈ ရက်က မုတ္တမကွေး၊ မွန်- တနင်္သာရီကမ်းရိုးတန်းတို့တွင် အားကောင်းသော လေဖိအားနည်း ရပ်ဝန်းမှ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ပြီး မွန်၊ ရန်ကုန်တို့မှတစ်ဆင့် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ပဲခူး၊ မကွေး၊ မန္တလေးတို့ကို ဖြတ်ကျော်ပြီးနောက် ချင်းပြည်နယ်ကို အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ် စက်တင်ဘာလ ၃၀ ရက်က ဖြတ်ကျော်ခဲ့သည်ဟု သိရသည်။
ချင်းပြည်နယ်အတွင်း မိုးများ ဆက်လက်ရွာသွန်းနိုင်ပြီး နေရာအနှံအပြားတွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလဌာနက ယနေ့မှာ ထုတ်ပြန်ထားသည်။

