ကားအစီး ၂၀ ထက်မနည်း လမ်းခုလတ်တွင် သောင်တင်နေ
(004SS)
ချင်းပြည်နယ်အတွင်း တစ်ပတ်နီးပါး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်မြို့နယ်၊ တီးတိန်-ရိဒ်အကြားရှိ Khualmual ကျေးရွာအနီး မြေနီလမ်းပိုင်းများ ဆိုးရွားစွာ ပျက်စီးနေပြီး ခရီးသည်ကားနှင့် ကုန်တင်ကား အနည်းဆုံး အစီး ၂၀ ထက်မနည်း ရှေ့ဆက်မရ၊ နောက်ပြန်မဆုတ်နိုင်ဘဲ တစ်ပတ်နီးပါး ပိတ်မိနေကြောင်း သိရသည်။
အဆိုပါလမ်းပိုင်းသည် ကျောက်ခင်းထားခြင်းမရှိဘဲ မြေနီလမ်းသာဖြစ်သည့်အတွက် တစ်ပတ်လုံးလုံး မိုးရွာသွန်းပြီး ကုန်တင်ကားကြီးများ မကြာခဏဖြတ်သန်းမှုကြောင့် လမ်းပိုင်းတစ်လျှောက် ရွှံ့နွံများထူထပ်ကာ ကားငယ်များ နစ်မြုပ်၍ ရုန်းထွက်မရတော့ဘဲ သွားလာရခက်ခဲနေခြင်း ဖြစ်သည်။
“ကျွန်မတို့ တောင်ပေါ်လမ်းကတော့ သိတဲ့အတိုင်း ကျောက်ခင်းတာလည်း မဟုတ်၊ မြေနီလမ်းဆိုတော့ မိုးရာသီရောက်တိုင်း ဒီလို လမ်းပျက်စီးမှုအခက်အခဲကတော့ ကြုံရစမြဲပါပဲ။ ဒါပေမဲ့ ဒီတစ်ခေါက်က တစ်ပတ်လုံးလုံး မိုးရွာလို့ ကားကြီးတွေ တက်လာတော့ လမ်းတွေ ပိုပျက်ပြီး ကားလေးတွေဆို နွံနစ်ပြီး သွားလို့မရတော့တာပေါ့နော်။ ကားတွေကတော့ အများ ကြီးပဲ အနည်းဆုံး ၂၀၊ ၃၀ လောက်ရှိမယ် အချို့ကားတွေဆို သောင်တင်နေတာ တစ်ပါတ်လောက်ရှိတော့မယ်။ ” ဟု တီးတိန်-တီအိုချောင်းကြားမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိတွင် တီးတိန်- ရိဒ်လမ်း ပုံမှန်အသုံးပြုသော တီးတိန်- လိုင်တွီလမ်းပိုင်းလည်း မံဆောင်းတံတားအနီး တစ်နေရာ မြေပြိုသည့်အပြင် တီးတိန်မြို့မှ စစ်ကောင်စီတပ်များက ပိတ်ပင်ထားမှုကြောင့် တီးတိန်- လိုင်တွီး- ရိဒ် လမ်းပိုင်းသွားလာ၍ မရဘဲ တီးတိန်- ဟေလေး- ရိဒ် လမ်းကြောင်းကို မော်တော်ယာဉ်များ အသုံးပြုလာကြခြင်း ဖြစ်သည်။
တီးတိန်ဘက်မှတက်ပါက မဏိပူရမြစ်ကို ဖြတ်ပြီး Pakzang ရွာထိပ်တွင်လည်း လမ်းပိုင်းအလွန် ပျက်စီးနေသည်ဟု သိရသည်။
လမ်း ပျက်စီးနေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ရာ ခရီးသည်တင် ပေါင်မုန့်ကားများ၊ ကုန်တင်ကားများမှာ ၅ ရက်မှ တစ်ပတ်ခန့်အထိ သွားလာ၍မရဘဲ လမ်းပေါ်တွင် ညအိပ်ရပ်နားနေရသည်။
“တစ်ချို့က အဲဒီလမ်းပျက်တဲ့နေရာမှာ စားစရာ လာရောင်းတာတွေတောင် ရှိတယ်။ ခရီးသွားတွေက လမ်းမှာ ထမင်းချက် စားကြတယ်။ တချို့ကားသမားတွေဆို ကားထားခဲ့ပြီး အိမ်ပြန်သွားတဲ့သူတွေတောင် ရှိတယ်” ဟု အဆိုပါ ဒေသခံအမျိုး သမီးက ဆက်လက်ပြောသည်။
ယခင်က နေ့ချင်းမရောက်နိုင်လျှင်တောင် ၁ ရက် သို့မဟုတ် ၂ ရက်ဖြင့် ရောက်ရှိနိုင်သော်လည်း ယခုအခါ လမ်းပိုင်း ပျက်စီးမှုကြောင့် ကြန့်ကြာမှုများစွာ ကြုံတွေ့နေရခြင်းဖြစ်သည်။
လက်ရှိတွင် မိုးဆက်လက်ရွာသွန်းနေသည့်အတွက် လမ်းပိုင်း ပြုပြင်ရန် အဆင်မပြေသေးဘဲ မည်သည့်အချိန်တွင် ခရီးဆက်လက်ထွက်ခွာနိုင်မည်ကို မသိရှိရသေးပေ။
တစ်ဖက်တွင်လည်း လိုင်တွီး နှင့် လိုင်တွီးတံတားကြား မြေပြိုကျမှုကြောင့် လမ်းပိတ်ဆို့နေသည်များကို ရှင်းလင်း၍ လမ်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ZFU (Zomi Federal Union) မှ လမ်းပြင်ဆင်ရှင်းလင်းရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်းတို့ ထုတ်ပြန်ချက်အရ သိရသည်။

