(006SV)
နွေဦးတော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကို လေးစားအသိအမှတ်ပြုပြီး ဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းလာရေးအတွက် NLD ပါတီ၏ နိုင်ငံရေး မူဝါဒများနှင့်ထပ်တူ လက်တွဲ၍ အဆုံးတိုင် တွန်းလှန်တိုက်ပွဲဝင်သွားမည်ဟု ချင်းပြည် (Chinland) အစိုးရအဖွဲ့က ကြေညာသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တည်ထောင်ခြင်း ၃၈ နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနားသို့ စက်တင် ဘာလ ၂၇ ရက်က ပေးပို့သော ချင်းပြည်(Chinland) အစိုးရအဖွဲ့၏ ဂုဏ်ပြုသဝဏ်လွှာမှာ ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
၂၀၂၁ နွေဦးတော်လှန်ရေး ကာလတစ်လျှောက်မှာ စစ်အာဏာရှင်စနစ် အပြီးသတ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် NLD ပါတီ၏ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကို လေးစားအသိ အမှတ်ပြုသည်ဟု ချင်းပြည်အစိုးရအဖွဲ့ထံမှ သိရသည်။
“ချင်းပြည်ချင်းလဲန်းအစိုးရအနေဖြင့်လည်း အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ တိုင်းရင်းသား ပြည်သူအားလုံး မျှော်လင့် တောင့်တနေကြသည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ နိုင်ငံရေး မူဝါဒများနှင့် ထပ်တူ အတူတကွ လက်တွဲ၍ အဆုံးတိုင် တွန်းလှန်တိုက်ပွဲဝင်သွားမည်” ဟု ချင်းပြည်အစိုးရ အဖွဲ့ကိုယ်စား၊ လူမှုဖွံ့ဖြိုးရေးဝန်ကြီး ဆလိုင်းဇထောင်းက ပြောသည်။
NLD ပါတီ၏ သမိုင်းစဉ်တလျှောက်တွင် ပါတီဥက္ကဌလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီ ခေါင်းဆောင်များ၊ အဆင့်ဆင့်သော ပါတီဝင်များ၏ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ မြန်မာ့ ဒီမိုကရေစီရေး အတွက် စွန့်လွှတ်စွန့်စားမှု၊ ပေးဆပ်မှုများနှင့် ခိုင်မာသည့် နိုင်ငံရေး ဦးဆောင်မှုတို့ကြောင့် ၁၉၉၀၊ ၂၀၁၂ (ကြားဖြတ်ရွေး ကောက်ပွဲ) ၂၀၁၅ နှင့် ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲများတွင် လူထုတစ်ရပ်လုံး၏ ထောက်ခံမှု ရလဒ်ကို အကြွင်းမဲ့ ရရှိထားသည့် ပါတီကြီးတစ်ရပ်အဖြစ် မော်ကွန်းတင်အပ်ပါသည်ဟု ချင်းပြည်အစိုးရက ဆိုသည်။
စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနှင့် တရားမျှတမှု ရရှိရေး၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးတို့အတွက် ဆက်လက်၍ ပြည်သူနှင့်အတူ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ သတ္တိတို့ဖြင့် ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ပေးရန်လည်း ချင်းပြည် လွှတ်တော်က NLD ထံ ယမန်နေ့က ပေးပို့သော သဝဏ်လွှာတွင် တောင်းဆိုထားသည်။
သမိုင်းအဆက်ဆက် ခက်ခဲကြမ်းတမ်းသော စိန်ခေါ်မှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများကြားမှ လူထု၏ ယုံကြည်အားကိုးမှုကို အပြည့်အဝ ရရှိခဲ့သည့် ပါတီဖြစ်ပြီး ပါတီခေါင်းဆောင်းကြီးများနှင့်တကွ ပါတီဝင်များ၏ ပေးဆပ်မှု၊ စစ်အဏာရှင်စနစ်ဆိုးကို တော်လှန်ခဲ့သည့် သမိုင်းဝင်ကြိုးပမ်းမှုများသည် မြန်မာ့ ဒီမိုကရေစီသမိုင်းတွင် ထင်ရှားသည့် မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါသည်ဟု ချင်းပြည်လွှတ်တော်က ဆိုသည်။
NLD ပါတီသည် ပါတီစတင် တည်ထောင်သော ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ က်မှ စတင်၍ ယနေ့အထိ မြန်မာ့ဒီမိုကရေစီရေးအတွက် မြန်မာလူထု၏ ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ပေးခဲ့သော နိုင်ငံရေးပါတီကြီးတစ်ခုဖြစ်ပြီး လက်ရှိ ၂၈ နှစ်ပြည့် အထိမ်းအမှတ် နေ့ထူးနေ့မြတ် အခမ်းအနားကိုလည်း ချင်းပြည်အစိုးရအဖွဲ့နှင့် ချင်းလူထုတစ်ရပ်လုံးက လှိုက်လှဲစွာဖြင့် ဂုဏ်ပြုသည်ဟု သိရသည်။

