(002MG)
စစ်ကိုင်းတိုင်း ကလေး-တမူးကားလမ်းမပေါ်က ခါမ်းပါတ်မြို့အပါအဝင် အနီးနားကျေးရွာပြည်သူများသည် စစ်ဘေးရှောင် ရာမှ နေရပ်သို့ပြန်လာကြပြီဖြစ်သော်လည်း စစ်ရေးပဋိပက္ခကြောင့် မိုးစပါးများမစိုက်ပျိုးနိုင်သည့်အတွက် လာမည့်နှစ် တွင် ဆန်းစပါး ရှားပါးခက်ခဲလာမည်ကို စိုးရိမ်နေကြသည်ဟု သိရသည်။
ခါမ်းပါတ်မြို့ နှင့် အနီးနားပတ်ဝန်းကျင်ရွာက ဒေသခံပြည်သူများသည် မိုးစပါးစိုက်ပျိုးချိန် ယခုနှစ် ဇွန်၊ ဇူလိုင်လမှာ စစ်တပ်၏ ထိုးစစ်ဆင်မှုကြောင့် ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး စစ်ဘေးရှောင်ရာမှ နေရပ်သို့ပြန်လာ သည့်အချိန်မှာလည်း စပါးစိုက်ပျိုးရန်အချိန်နှောင်းသွားပြီဟု ခါမ်းပါတ်မြို့က စစ်ဘေးရှောင်တစ်ဦးကပြောသည်။
“ကျွန်တော်တို့ စစ်ဘေးရှောင်တာ ဇွန်နဲ့ ဇူလိုင်ဖြစ်တော့ ကျွန််တော်တို့ပြန်တာက ဩဂုတ်လမှာ ပြန် တော့ လုံးဝလယ်က လုပ်လို့မရတော့ဘူးဖြစ်နေတယ်။ လယ်လုပ်တဲ့ရာသီက ဇွန်၊ ဇူလိုင်လကုန်ပြီး နောက်ပိုင်းဆိုရင် မထွက်တော့ဘူးစပါးက။ ဒီနှစ်တော့ စပါးလုံးဝစိုက်လို့မရတော့ဘူးလေ။ နောက်နှစ် အတွက် ဘယ်လိုလုပ်ကြမလဲ။ ခမ်းပါတ်ကြတော့ တောင်သူ တွေပဲဆိုတော့လေ အစိုးရဝန်ထမ်းတွေလည်းနည်းတယ်။ လက်လုပ်လက်စားတွေပဲ များတယ်ဆိုတော့နောက်နှစ် အတွက်တော့ စိုးရိမ်စရာတော့တော်တော်ရှိတာပေါ့” ဟု ခါမ်းပါတ်နေရပ်ပြန်စစ်ဘေးရှောင်ကပြောသည်။
ခါမ်းပါတ်မြို့အပါအဝင် ကလေး-တမူးကားလမ်းမပေါ်က ကျေးရွာအတော်များများသည် တောင်ယာလုပ်ငန်း၊ လယ်ယာ စပါးစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြပြီး ယင်းဒေသထွက်ဆန်စပါးများကို တမူး၊ ကလေး မြို့အပါအဝင် ချင်းတောင်ဘက်သို့ တင်ပို့ ရောင်းချလေ့ရှိကြသည်။
အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ကလေး – တမူးလမ်းကြောင်းကို ယခုနှစ်ဇွန်လဆန်းပိုင်းက စ၍ စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းကြောင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ် များနှင့် အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ဒေသခံပြည်သူများလည်း နေရပ်စွန့်ခွါထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
စစ်တပ်၏ မြေပြင် နှင့် ဝေဟင်သာလွန်အင်အားထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဇူလိုင်လကုန်ပိုင်းတွင် ကလေး-တမူး လမ်းမကြီးတစ်လျှောက်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ဘေးရှောင်တချို့မှာလည်း ဩဂုတ်လဆန်းပိုင်းကစ၍ နေရပ်သို့ပြန်လည်ဝင်ရောက်ခဲ့ကြသည်။
ယခုလက်ရှိတွင် နေရပ်ပြန်စစ်ဘေးရှောင်များသည်အလုပ်အကိုင်ရှာပါးခြင်း၊ ကုန်ဈေး နှုန်းမြင့်တက်ခြင်းကြောင့် စားဝတ် နေရေး အခက်အခဲများကြုံနေကြရကြောင်း ခါမ်းပါတ်မြို့နေရပ်ပြန်စစ်ဘေးရှောင်ကပြောသည်။
“ကျွန်တော်တို့ ခါမ်းပါတ်ဒေသဆိုရင် စပါးထွက်တဲ့ဒေသဆိုတော့လေ စစ်ဘေးမရှောင်ခင်မှာဆိုလို့ရှိရင် စပါးတအိတ်မှာ ၅ သောင်း၊ ၆သောင်း၊ ၇ သောင်းလောက်နဲ့ ဝယ်တာလေ အခုတော့တက်တာပေါ့။ အခု ဧရာမင်းကတော့ တအိတ်ကို ၁၂၀၀၀၀ ၊ ၁၃၀၀၀၀ ဝန်းကျင်လောက်ရှိတယ်။ လက်လုပ်လက်စား နေ့စားအလုပ်လုပ်ဖို့ လည်းရှားတယ်၊ ကုန်ဈေးနှုန်း လည်း တော်တော်လေးတက်တော့လေ။ တောင်သူသမားတွေအတွက်ကတော့တော်တော်လေးစဉ်းစားရတယ်။ နိုင်ငံခြားမှာ ကိုယ့်သား၊သမီးရှိတဲ့သူတွေအတွက် နည်းနည်းတော့အဆင်ပြေတာပေါ့။ နိုင်ငံခြားမှာ သား၊ သမီးမရှိတဲ့ သူတွေအတွက်တော့မနည်းရှာရတာပေါ့။” ဟု ၎င်းကပြောသည်။
နေရပ်ပြန်ဒေသခံအများစုသည် လယ်စပါးအစားထိုးအဖြစ် မုန့်ညှင်း၊ ပဲပုတ်များကို စိုက်ပျိုးထား ကြသည်ဟု သိရသည်။
ခါမ်းပါတ်မြို့ပေါ်တွင် ရပ်ကွက်ကြီး (၅) ရပ်ကွက်ရှိကာ ခန့်မှန်းခြေအိမ် ထောင်စု (၃,၀၀၀) မှ (၄,၀၀၀) အကြားရှိပြီး လူဦးရေ တစ်သောင်းကျော်ခန့်ရှိသည်။
လက်ရှိ ခါမ်းပါတ်မြို့ပေါ်တွင် စစ်ဘေးရှောင်ရာမှ နေရပ်ပြန်လာသည့် အိမ်ထောင်စု တစ်ထောင်ကျော်သာရှိသေးသည်ဟု သိရပြီး အများစုမှာ ကလေးမြို့နှင့် အိန္ဒိယနယ်စပ်တို့တွင် သားသမီးများပညာရေးကြောင့် နေရပ်မပြန်နိုင်သူ အများ အပြားရှိနေသေးသည်။
ခါမ်းပါတ်မြို့တွင် အာဏာသိမ်းပြီးနောက်ပိုင်းမှစတင်၍ (၅) နှစ်နီးပါးပိတ်ထားသည့် ဆက်သွယ်ရေး MPT ဖုန်းလိုင်းကို လည်း စက်တင်ဘာလ (၁၁) ရက်နေ့နှင့် U9 ဖုန်းလိုင်းများအား အောက်တိုဘာလ (၇) ရက်နေ့တွင် ပြန်လည်ဖွင့်ပေးခဲ့ပြီး အင်တာနက်ဒေတာကိုတော့ အသုံးပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

