(004SS)
ကလေးမြို့မှ ဖလမ်းမြို့သို့ နေရပ်ပြန်ကြမည့် စစ်ဘေးရှောင်ပြည်သူများအတွက် FCMF နှင့် ဖလမ်း အရပ်ဘက်လူမှု အဖွဲ့အစည်းများ CSOs-Falam တို့ ပူးပေါင်းစီစဉ်သည့် ဖလမ်းမြို့နေရပ်ပြန်အစီအစဉ်၏ ဒုတိယအသုတ် Phase-2 ခရီးစဉ်ကို လာမည့် နိုဝင်ဘာ ၅ ရက်နေ့၊ ကြာသပတေးနေ့တွင် စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒုတိယအသုတ် ခရီးစဉ်အတွက် စာရင်းပေးသွင်းခြင်းကို အောက်တိုဘာ ၂၉ ရက်မှ ၃၀ ရက်အထိ နံနက် ၉:၀၀ နာရီမှ ညနေ ၃:၀၀ နာရီအတွင်း ကလေးမြို့ Central Chin Pawlpi ရုံးတွင် လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကာ လူဦးရေ ၁၀၀ သာ လက်ခံသွားမည်ဖြစ်သည်။
စာရင်းလက်ခံရာတွင် ယခင်က မလိုက်ပါဖူးသေးသူ ပထမအကြိမ် လိုက်ပါမည့်သူများ နှင့် ဖလမ်းမြို့တွင် အပြီးအပိုင် ပြန်လည်နေထိုင်မည့်သူများကို ဦးစားပေး စီစဉ်ပေးမည်ဖြစ်ကြောင်း Falam Return Info က အသိပေးထားသည်။
ခရီးသွား ပစ္စည်းများအဖြစ် တစ်ဦးလျှင် အိမ်သုံးပစ္စည်း သေတ္တာ/ထုပ်ပိုးမှု ပုံမှန်အရွယ်အစား ၃ ထုပ် အထိ အခမဲ့ သယ်ယူပေးမည်ဖြစ်ပြီး ဆန်နှင့် စီးပွားရေး/ဆိုင်ပစ္စည်းများ သယ်ယူခွင့်မပြုကြောင်း သိရသည်။
စီးပွားရေးပစ္စည်း သို့မဟုတ် ဆန် သယ်ယူလိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၉-၄၀၀၃၀၅၅၅၁ နှင့် ၀၉-၉၇၉၁၁၅၂၂၁ သို့ ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။
သယ်ယူမည့် အိမ်သုံးပစ္စည်းများကို နိုဝင်ဘာ ၄ ရက် မနက် ၉ နာရီမှ ညနေ ၂ နာရီအတွင်း Central Chin Pawlpi ရုံးသို့ လာရောက်ပို့ဆောင်ရမည်ဖြစ်ပြီး သတ်မှတ်ချိန်ထက် နောက်ကျပါက သယ်ယူပေးမည်ဟု သိရသည်။
နိုဝင်ဘာ ၅ ရက် ခရီးစဉ်တွင် ပူးပေါင်းလိုက်ပါလိုသည့် မော်တော်ယာဉ်များအနေဖြင့် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၁ ရက်နေ့အတွင်း ဆလိုင်းပါတေ ၀၉-၉၇၉၁၁၅၂၂၁ ၊ ဆလိုင်းမှုံကုလ် ၀၉-၉၉၆၈၇၀၈၀၄၇ နှင့် ဆလိုင်းကိုနိအန်း ၀၉-၉၉၈၈၀၃၂၁၄၀ တို့ထံ သီးသန့်ဆက်သွယ် မှတ်ပုံတင်ရမည်ဖြစ်သည်။
လက်ရှိတွင် ဖလမ်းမြို့ နေရပ်ပြန်ပြည်သူများအတွက် စားသောက်ကုန်နှင့် ရေပိုက်များကို သက်သာသောဈေးနှုန်းဖြင့် FBA ရုံးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Falam Return Info ၏ ဒုတိယအသုတ် အစီအစဉ်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာလမှ ၂၀၂၇ ခုနှစ် ဇန်နဝါရီလအထိ သတ်မှတ်ထားပြီး ယင်းကာလအတွင်း အနည်းဆုံး ၂ ကြိမ်ထက်မနည်း ခရီးစဉ်များ ဆက်လက်စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကလေး-ဖလမ်း နေရပ်ပြန်အစီအစဉ်ကို ပထမအသုတ် အဖြစ် ၂၀၂၆ ခုနှစ် ဇွန်လမှ စက်တင်ဘာလအထိ သတ်မှတ်ဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၁၇ ရက်နေ့တွင် ၆ ကြိမ်မြောက် ခရီးစဉ်အဖြစ် ပထမအသုတ်၏ နောက်ဆုံးခေါက်ကို အောင်မြင်စွာ ပို့ဆောင်ပေးခဲ့ကြသည်။
