(002MG)
စစ်ရေးပဋိပက္ခကြောင့် ၃ နှစ်ကျော်ကြာ ရွာလုံးကျွတ်စစ်ဘေးတိမ်းရှောင်ခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် စက္ကန့်ကျေးရွာ ပြည်သူများသည် အောက်တို ဘာလကုန်ပိုင်းမှစ၍ နေရပ်ပြန်သွားကြပြီး နေအိမ်အများစု မီးထဲပါသွားသည့်အတွက် ယာယီတဲထိုးကာနေထိုင်ကြရသည်ဟု သိရသည်။
ပြီးခဲ့သည့်အောက်တိုဘာလ (၁၄) ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ချင်းရေးရာဝန်ကြီး၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်း များအားဆောင်ရွက်ခဲ့ကြပြီးနောက်ပိုင်း အောက်တိုဘာလ ၂၆ ရက်နေ့ကစ၍ စစ်ဘေးရှောင်များနေရပ် ပြန်လည် အခြေချနေထိုင်ခဲ့ကြခြင်းဖြစ် သည်ဟု သိရသည်။
စက္ကန့်ကျေးရွာအတွင်းရှိ လူနေအိမ်များသည် စစ်တပ်၏ မီးရှို့မှုကြောင့် အကုန်နီးပါးပျက်စီးကုန်သည့်အတွက် နေရပ် ပြန်ကြသည့် ပြည်သူများသည် လက်ရှိတွင် ယာယီတဲထိုးကာ နေထိုင်ကြရကြောင်း စက္ကန့်ကျေးရွာဒေသခံတစ်ဦး ကပြောသည်။
“အခုလောလောဆယ် အခြေချ နေထိုင်တဲ့သူတွေကတော့ လူဦးရေနဲ့ဆိုရင် ၂၀ ပတ်ဝန်းကျင်လောက် တော့ရှိပြီ။ တဲတွေ ဆောက်ပြီးပြန်တဲ့သူတွေရှိတယ်၊နေ့တိုင်းလူဦးရေက တိုးနေတာ။ အစိုးရဖက်တော့ ထောက်ပံ့ကြေးတွေ မရှိသေးဘူး၊ မိုင်းတွေသန့်ရှင်းရေးပြုလုပ်ပေးတယ်။ အပျက်အစီးကတော့ အများပိုင်းပျက်စီးတယ် ဘာမှမရှိ တော့ဘူး ၅ ပုံ ၁ ပုံလောက်ပဲ အိမ်ကတော့ကျန်တော့တယ်” ဟု စက္ကန့်ကျေးရွာဒေ သခံက ပြောသည်။
စက္ကန့်ကျေးရွာပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အဓိကလုပ်ကြပြီး လက်ရှိတွင်အချိန်မှီ ရာသီစိုက်ပျိုးရေးလုပ်ငန်းများလည်ပတ်နိုင်ခြင်းမရှိသေးသောကြောင့် အလုပ်အကိုင်အခက်ခဲ၊ စားဝတ်နေရေးနှင့် နေထိုင်ရေးအခက်အခဲများ ကြုံတွေ့နေရသည်ဟု ဒေသခံထံမှသိရသည်။
ကလေးမြို့နှင့် တစ်မိုင်ကျော်ကျော်ကွာဝေးပြီး ချင်းလူမျိုးအများစု နေထိုင်သည့် စ က္ကန့်ကျေးရွာတွင် အိမ်ခြေ (၈၀၀) ခန့်ရှိသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက် နှင့် အောက်တိုဘာလ ၇ ရက်နေ့တို့တွင် စစ်တပ်က ရွာထဲက နေအိမ်များ မီးရှိ့ခဲ့သောကြောင့် ရွာလုံးကျွတ်နီးပါးပြာကျခဲ့ရကာ ဒေသခံအား လုံး စစ်ဘေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်သည်။

