(004SS)
ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက အမဲလိုက်ရင်း မိတ်ဆွေဖြစ်သူမှ တောဝက်ဟု အထင်မှားကာ သေနတ်ဖြင့် ပစ်ခတ်မိခဲ့တာကြောင့် ချင်းအမျိုးသားတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
သေဆုံးသွားသူမှာ အသက် ၂၈ နှစ်အရွယ် Pu Abraham @ Teba ဖြစ်ပြီး ဇနီးနှင့် တစ်နှစ်သမီးတစ်ယောက် ကျန်ရစ်ခဲ့ သည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၀ ရက်နေ့က ထန်တလန်မြို့နယ်အတွင်း တောလိုက်ခွင့်ပြုခါစအချိန်တွင် Pu Abraham နှင့် မိတ်ဆွေ တစ်ချို့ အမဲလိုက်ရန် တောထွက်ခဲ့ကြပြီး ထိုသို့ အမဲလိုက်နေစဉ် လမ်းခုလတ်တစ်နေရာ၌ မိတ်ဆွေဖြစ်သူက ခြုံတော အတွင်း လှုပ်ရှားမှုကို တောဝက်ဟု အထင်မှားကာ သေနတ်ဖြင့် ပစ်ခတ်လိုက်မိရာ Pu Abraham၏ ရင်ဘတ်ကို ထိမှန်သွားခဲ့ခြင်းဟု နီးစပ်သူများထံမှ သိရသည်။
သေနတ်ထိမှန်ပြီးနောက် ကျေးရွာသို့ ဆေးကုသရန် သယ်ဆောင်လာစဉ် လမ်းခုလတ်၌ပင် ဒဏ်ရာပြင်းထန်ခြင်းကြောင့် အသက်သေဆုံးခဲ့ရခြင်းဟု ဆိုသည်။
“ကျွန်တော်တို့ အရမ်းစိတ်မကောင်းပါဘူး။ တောဝက်လိုက်ရင်း မိတ်ဆွေဖြစ်သူက တောဝက်ထင်ပြီး သေနတ်နဲ့ မှားပစ်လိုက်မိတာပါ။ ဘယ်သူကမှ ဒီလိုအဖြစ်ဆိုးမျိုး မဖြစ်စေချင်ပါဘူး။ Pu Abrahamက လူတိုင်းအပေါ် သဘောကောင်းပြီး ကြင်နာတတ်သူတစ်ယောက်ဖြစ်တာမို့ ခုလို ရုတ်တရက် ဆုံးရှုံးလိုက်ရတာဟာ အားလုံးအတွက် ကြီးမားတဲ့ ဝမ်းနည်းကြေကွဲမှုပါပဲ” ဟု ၎င်းနှင့် နီးစပ်သူတစ်ဦးက ဖော်ပြထားသည်။
ကွယ်လွန်သူ၏ ရုပ်အလောင်းကို ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့တွင် သင်္ဂြိုဟ်မည်ဟုသိရသည်။
