(006SV)
ချင်းပြည်သူ့အစည်းအရုံး / ချင်းပြည်သူ့တပ်မတော် (CPU/ CPA) သည် ၎င်းတို့၏ စစ်ရေးနှင့် နိုင်ငံရေး လုပ်ငန်းစဉ်များကို ရည်မှန်းချက်တူညီသည့် မဟာမိတ်တော်လှန်းရေး အင်အားစုများနှင့် လက်တွဲပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဟု ကြေညာသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့၊ ချင်းပြည်သူ့အစည်းအရုံး / ချင်းပြည်သူ့တပ်မတော် (CPU/ CPA) ဖွဲ့စည်းတည်ထောင်ခြင်း (၁) နှစ်ပြည့်တွင် CPU/ CPA က ယင်းတို့ ထုတ်ပြန်လာခြင်းဖြစ်သည်။
ချင်းပြည်သူလူထုတို့ လိုလားတောင့်တနေသော ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ရရှိသည်အထိ ရည်မှန်းချက် တူညီသော မဟာမိတ်တော်လှန်ရေး အင်အားစုများနှင့် အတူ လက်တွဲ၍ စစ်ရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်။
ယနေ့တိုင် ချင်းပြည်ကို ကြံ့ကြံ့ခံ ခုခံကာကွယ်နိုင်ရန် မြေပြင်ရှိ ရဲဘော်များ၊ ထောက်ပို့ရဲဘော်များ၊ ကုသရေး တာဝန်ယူသူများ၊ အဖွဲ့အစည်း၏ တာဝန်ရှိသူ အသီးသီးနှင့်အတူ တသားတည်း ရပ်တည်၍ ငွေကြေး၊ အချိန်၊ လုပ်အားတို့ဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင်သော ဒေသခံပြည်သူလူထုကိုလည်း အထူးဂုဏ်ယူ ကျေးဇူးတင်ရှိပါကြောင်း CPU က ထုတ်ပြန်သည်။
စစ်တပ်၏ ချင်းတောင်ပိုင်းသို့ စစ်မျက်နှာ လေးခုဖြင့် ထိုးစစ်ဆင်နေသောကြောင့် ချင်းတော်လှန်ရေးတပ်များ၏ လက်ရှိ ခုခံစစ်အတွင်း ငွေရေးကြေးရေး၊ ဆေးဝါးရိက္ခာများ ပေးလှူနေသော ပြည်တွင်းပြည်ပရှိ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ အနေဖြင့်လည်း ဆက်လက်ကူညီ ပံ့ပိုးပေးပါရန် CPU က တိုက်တွန်းသည်။
“ယနေ့ထိ မိမိတို့အား ဘက်ပေါင်းစုံမှ ကူညီပေးနေသော မဟာမိတ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) နှင့် လက်ရှိမြေပြင်တွင် အတူတကွ တိုက်ပွဲဝင်နေကြသည့် ညီနောင်တော်လှန်ရေး မဟာမိတ်အဖွဲ့အစည်း အားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်” ဟု CPU/ CPA က ဆိုသည်။
တော်လှန်ရေးကာလတွင် အသက်ပေးလှူသွားကြသော အာဇာနည်ရဲဘော်များ၊ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းကို ပေးလှူကြသော ရဲဘော်ရဲမေများနှင့်တကွ လက်ရှိ စစ်မြေပြင်တွင် မိမိတို့ ချင်းလူမျိုး၏ ဘိုးဘွားပိုင်မြေကို သူရသတ္တိ ပြည့်စုံစွာဖြင့် ခုခံကာကွယ်နေကြသော ချင်းပြည်သူ့တပ်မတော် ရဲဘော်များနှင့်တကွ အတူတိုက်ပွဲဝင်နေသော မဟာမိတ်မိတ် ရဲဘော်များ အားလုံးကို ဂုဏ်ပြုဦးညွတ်အလေးပြုပါသည်ဟု CPU/ CPA က ထုတ်ပြန်သည်။
CPU/ CPA သည် စစ်အာဏာရှင်စနစ်အပြင် မည်သည့် အာဏာရှင်စနစ်မဆို ချုပ်ငြိမ်းရေး၊ ချင်းပြည်လူထု၏ မွေးရာပါ အခွင့်အရေးဖြစ်သော ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊ အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်ရန် ထူထောင်ဖွဲ့စည်းခဲ့သည်ဟု သိရသည်။
ယင်းအဖွဲ့ကို ချင်းပြည်တောင်ပိုင်းမြို့များဖြစ်သော မင်းတပ်မြို့နယ်၊ ပလက်ဝမြို့နယ်၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့တစ်စိတ်တစ်ဒေသကို ထိန်းချုပ်ထားသော ချင်းတော်လှန်ရေး လက်နက်ကိုင်အင်အားစုများဖြင့် စုပေါင်း၍ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်တွင် ဒေသတွင်း ချင်းတော်လှန်ရေးအင်အားစုကြီးတစ်ခုအဖြစ် အတည်ပြု ဖွဲ့စည်းနိုင်ခဲ့သည်။
ချိုးချင်းလူမျိုုးစုအသင်းကလည်း CPU/ CPA ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ချင်းအမျိုးသားတစ်ရပ်လုံး၏ လုံခြုံရေး၊ ကိုယ်ကြမ္မာကိုယ် ဖန်တီးပိုင်ခွင့်နှင့် ချင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုက်ပွဲဝင်သော CPU/ CPA ကို အမြဲတစေဝန်းရံပံ့ပိုးသွားမည်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်သည်။
လက်ရှိမှာ ချင်းတောင်ပိုင်းမြို့များသို့ စစ်မျက်နှာ ၄ ခု ဖွင့်၍ ထိုးစစ်ဆင်နေသော စစ်တပ်သည် ရွှေအောင်သာ စစ်မျက်နှာဘက်တွင် လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျသော ရွှေအောင်သာကျေးရွာကို ထိန်းချုပ်ပြီးနောက် မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေးစစ်မျက်နှာ ၃ ခုသို့ စစ်အင်အားများ ထပ်မံဖြည့်တင်းကာ စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

