(006SV)
မလေးရှားတွင် UNHCR ၏ ဝန်ဆောင်မှုတချို့ ရပ်ဆိုင်းမှုကြောင့် မလေးရှားရောက် ချင်းဒုက္ခသည်နှင့် ခိုလှုံခွင့် လျှောက်သူများ အနေဖြင့် မိမိတို့နေထိုင်ရာ နေရာဒေသတွင် လုံခြုံရေးကို အလေးထား၍ နေထိုင်ရန် ACR နှင့် CRC တို့က ပူးတွဲထုတ်ပြန်သည်။
UNHCR – မလေးရှား၏ ဒုက္ခသည်များနှင့် ခိုလှုံခွင့် လျှောက်ထားသူများကို မှတ်ပုံတင်ခြင်းနှင့် စာရွက်စာတမ်း ထုတ်ပေးခြင်းသည် နိုဝင်ဘာလ ၁၈ ရက်မှ စတင်ရပ်ဆိုင်းပြီနောက် Alliance of Chin Refugees (ACR) နှင့် Chin Refugee Committee (CRC)တို့က နိုဝင်ဘာလ ၂၁ ရက်မှာ ယင်းသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။
“အခုချိန်မှာ လူထုကလည်း အများကြီး စိတ်ဓာတ်တွေကျပြီး စိတ်တွေငယ်၊ ဝမ်းနည်းနေတဲ့ ဟာတွေ ဖြစ်လာတဲ့အခါ ကျနော်တို့က ကိုယ့်လူတွေ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ဟာတွေ မဖြစ်အောင်ရယ်၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုလည်း ဖြစ်အောင်ဆိုပြီး၊ ဒါ ထုတ်ပြန် လိုက်တာ ဖြစ်တယ်။ နောက်တစ်ချက်က အဲဒီ awareness လေး ဖြစ်အောင် သူတို့အနေနဲ့လည်း သူတို့ အဖွဲ့အစည်းခေါင်းဆောင် တွေ၊ သူတို့ မိခင်အဖွဲ့အစည်းအနေနဲ့လည်း နည်းလမ်းရှာ အဖြေရှာနေပါတယ်ဆိုတာ သူတို့ သိသွားအောင် ထုတ်ပြန်တာ ဖြစ်ပါတယ်” ဟု Alliance of Chin Refugees အဖွဲ့ ဥက္ကဌ James Bawi Thang Bik က ပြောသည်။
လတ်တလော ကာလအတွင်း မိမိတို့ နေထိုင်ရာ နေရာဒေသမှာ သတိဝီရိယရှိရှိ၊ စည်းကမ်းတကျနှင့် လုံခြုံရေးကို အလေးထား၍ နေထိုင်ရန် မိမိတို့၏ အဖွဲ့ဝင်များကို အထူးနှိုးဆော်အပ်ပါသည်ဟု ACR နှင့် CRC က ဆိုသည်။
အဖွဲ့ဝင်များ၏ လုံခြုံရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် လိုအပ်သော အကူအညီများ ရရှိနိုင်ရေးအတွက် ဖြစ်နိုင်သမျှ နည်းလမ်း များကို ရှာဖွေပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်း၍ ကြိုးပမ်းဆောင်ရွက်နေသည်ဟု ၎င်းတို့က အသိပေး ထားသည်။
UNHCR အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အကူအညီပေးနိုင်မည့် သက်ဆိုင်သူများထံ ချဉ်းကပ် ဆက်သွယ်၍ အကူအညီတောင်းခံခြင်း၊ လက်ရှိအခြေအနေကို တင်ပြဆွေးနွေးခြင်းနှင့် အဖွဲ့ဝင်များအတွက် ပိုမို လုံခြုံစိတ်ချရမည့် နည်းလမ်းများ ရှာဖွေခြင်းကို လုပ်ဆောင်နေခြင်းဖြစ်သည်။
အဖွဲ့ဝင်များအနေဖြင့် စိုးရိမ်ပူပန်မှု စိတ်သောကနှင့် မသေချာမရေရာမှုများ ရင်ဆိုင်နေရမည်ကို အထူးနားလည်ပါကြောင်း ACR နှင့် CRC က ထုတ်ပြန်သည်။
“ပြည်တွင်းမှာ မလုံခြုံလို့ ဒီကို ထွက်ပြေးလာတဲ့ သူတွေ ဒီရောက်မှ ဘာအထောက်အထားမှ မရှိဘဲနဲ့ ဒီမှာက အားလုံးရဲ့ မျှော်လင့်ရာ၊ လုံခြုံရာဆိုလို့ UNHCR ပဲ ရှိတဲ့အခါမှာ UNHCR က ဒီလို ဖိအားပေးလိုက်တဲ့အခါကြတော့ သူတို့ရဲ့ လုံခြုံရေးက ပိုပြီး အန္တရာယ်များသွားပြီ။ နောက်တစ်ခုက သူတို့ အချိန်မရွေး အဖမ်းခံရနိုင်တယ်၊ အချိန်မရွေး သူတို့ လုပ်ငန်းမှာလည်း ခေါင်းပုံဖြတ် (exploitation) အခွင့်ကောင်းယူတာတွေ ခံရနိုင်တယ်။ အမျိုးမျိုး သူတို့အတွက် နောက်ဆုံး ကား၊ ရထား လမ်းပေါ်မှာတောင်မှ သူတို့ လုံခြုံမှု မရှိတော့ဘူး။ အဲဒီလိုမျိုးထိ သူတို့ ကြုံသွားနိုင်ပါတယ်” ဟု Alliance of Chin Refugees အဖွဲ့ ဥက္ကဌ James Bawi Thang Bik က ပြောသည်။
လက်ရှိအခြေအနေသည် တစ်ဦးတစ်ယောက်ချင်းစီအလိုက် ထိန်းချုပ်ကိုင်တွယ်နိုင်သည့် အနေအထားမျိုး မဟုတ်သည့်အတွက် စိတ်ဓာတ်ကျခြင်းနှင့် မျှော်လင့်ချက်ကင်းမဲ့ခြင်းတို့ မဖြစ်ပေါ်စေရန် အရေးကြီးသည်ဟု ACR နှင့် CRC က ဆိုသည်။
ဒုက္ခသည်များနှင့် ခိုလှုံခွင့် လျှောက်ထားသူများ၏ မှတ်ပုံတင်ခြင်း လုပ်ငန်းကို မလေးရှားအစိုးရ၏ ဦးဆောင်မှု အစီအစဉ် အောက်တွင်သာ ဆောင်ရွက်ခြင်းသည် မလေးရှားအစိုးရ၏ ဆုံးဖြတ်ချက်နှင့်အညီ လုပ်ဆောင်ခြင်းဖြစ်ကြောင်း UNHCR က ထုတ်ပြန်ခဲ့သည်။
ပုံစံမျိုးစုံဖြင့် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော ချင်းအပါအဝင် မြန်မာနိုင်ငံသားများသည် ၎င်းတို့၏ ကိုယ်ရေး အချက်အလက် များကို မလေးရှားအစိုးရမှတစ်ဆင့် စစ်တပ်အစိုးရထံ နည်းမျိုးစုံဖြင့် ရောက်ရှိသွားမည်ကိုလည်း စိုးရိမ်းနေကြောင်း သိရသည်။
လတ်တလောတွင် မလေးရှားနိုင်ငံမှာ ချင်းလူမျိုး ၇၀၀၀၀ ခန့်ရှိပြီး ရိုဟင်ဂျာအပါအဝင် မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ ပုံစံမျိုးစုံဖြင့် ရောက်ရှိနေထိုင်သူ ၄ သိန်းခန့် ရှိနိုင်ကြောင်း သိရသည်။
UNHCR နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများထံမှ တရားဝင်ထုတ်ပြန်မည့် အချက်အလက်များကိုသာ စောင့်မျှော်ရန်၊ မမှန်ကန်သော သတင်းများနှင့် ကောလာဟလများကို အတည်မပြုဘဲ မဖြန့်ဝေကြရန် ACR နှင့် CRC က ထုတ်ပြန်သည်။

