ရူပီးသိန်း (၆၀၀) ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ မီဇိုရမ်ပြည်နယ်တွင်ဖမ်းမိ

0

By မိုးကျော် – ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှ တရားမ၀င်တင်သွင်းသည့် ရူပီးသိန်း (၆၀၀) ကျော်တန်ဖိုးရှိ Methamphetamine ခေါ် စိတ်ကြွဆေးပြားအလုံးရေ (၃) သိန်းကို ဖမ်းဆီးရမိသည်ဟုသိရသည်။

မီဇိုရမ်ပြည်နယ် Excise & Narcotics Department Anti-Narcotics Squad နှင့် အာသန်ရိုင်ဖယ်တပ် ပူးပေါင်းပြီး ပြီးခဲ့သည့် နိုင်ဝင်ဘာ (၂၈) ရက်နေ့က Selesih ကျေးရွာတွင် ချင်းပြည်နယ် ရိခေါဒါရ်မြို့နေ အသက် (၃၁) နှစ်အရွယ် ချင်းအမျိုးသား Lalsangkhuma နှင့် မီဇိုရမ် နိုင်ငံသား Vanlalthuama တို့ထံမှ စိတ်ကြွဆေးပြား အလုံးတစ်သိန်းကျော် ဖမ်းဆီးခဲ့ကြောင်း ဒေသထုတ် နေ့စဉ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

အဆိုပါ ဖမ်းဆီးမှုနှင့် ဆက်စပ်၍ ဆက်လက်စုံစမ်းစစ်ဆေးရာတွင် နိုဝင်ဘာလ (၃၀) ရက်နေ့က အိုင်ဇောလ်မြို့ ဇောင်းသွေရပ်ကွက်တွင် စိတ်ကြွဆေးပြား အလုံး (၂) သိန်းကျော်ကို ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ယခုဖမ်းဆီးရမိသည့် Methamphetamine ခေါ် စိတ်ကြွဆေးပြားများကို မြန်မာနိုင်ငံမှ သယ်ဆောင်လာခြင်းဖြစ်ပြီး မီဇိုရမ်ပြည်နယ်မှတဆင့် အိန္ဒိယပြည်မဘက်သို့ ပြန်လည်ရောင်းချရန် စီစဉ်ထားကြသည်ဟု သိရသည်။ စိတ်ကြွဆေးပြား၏ ကာလတန်ဖိုးမှာ တစ်လုံးကို ရူပီး ၂၀၀ – ၂၅၀ ရှိသည်။

Share.

About Author

Leave A Reply