ချင်းပြည်နယ် ဖလမ်းမြို့မှ ဟားခါးမြို့သို့ ချီတက်လာသော စစ်ကောင်စီတပ်နှင့် ချင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဇူလိုင်လ ၈ ရက်နေ့ကစ၍ တောက်လျှောက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ၆၀ ကျော် သေဆုံးမှုရှိခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ အင်အား ၂၀၀ ခန့်ပါဝင်ပြီး စစ်ကား ၂၇ စီးဖြင့် ဟားခါးမြို့ဘက်သို့ ချီတက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဇူလိုင်လ ၈ ရက်နေ့ကစ၍ လမ်းခရီးတလျှောက်တွင် တိုက်မိုင်းများအပါအဝင် ချုံခိုတိုက်ခိုက်ခဲ့ကြပြီး ယမန်နေ့ ဇူလိုင် ၁၁ ရက်အထိ စစ်ကောင်စီဘက်က ၆၀ ကျော်သေဆုံးကာ ပူးပေါင်းကာကွယ်ရေးဘက်မှ တစ်ယောက်ကျဆုံးခဲ့သည်ဟု ဆလိုင်းထက်နီက ပြောသည်။ “သူတို့ဘက်က ဒဏ်ရာရတဲ့အခြေအနေ အသေးစိတ်တော့ မသိဘူး ဒါပေမယ့် အဲဒီ ၅ ရက်လုံးလုံးမှာတော့ ၆၃ လောက် ကျတယ်လို့ အတည်ပြုလို့ရတယ်၊ ကျနော်တို့ဘက်ကတော့ တစ်ယောက် အသက်ပေးလှူသွားတာပေါ့နော် ၁၀ ယောက်လောက်က ဒဏ်ရာရတယ် ဒဏ်ရာကတော့ မများပါဘူး နှစ်ယောက်သုံးယောက်လောက်ပဲ နည်းနည်းများတာပေါ့ တစ်ယောက်ကတော့ မနေ့က ကျသွားတယ် ဒီနေ့ထိတော့ တိုက်ပွဲကမပြီးသေးဘူး” ဟု ဆလိုင်းထက်နီက ပြောသည်။ ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ကျဆုံးသွားသည့်ရဲဘော်မှာ CDF-Matupi တပ်ဖွဲ့က ဆလိုင်းအာလောင်ဖြစ်ပြီး မနေ့ကဖြစ်ပွားသော ဖလမ်း-ဟားခါးကြား ရမ်ထလိုကျေးရွာအနီးတိုက်ပွဲတွင် ကျဆုံးသွားခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့သည် ဖလမ်း-ဟားခါးလမ်းမပေါ်က တာလ်၊ တလန်ဇာ၊ ရမ်ထလို စသည့်ကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲပေါင်း…
Author: Editor
ချင်းပြည်နယ် ဟားခါးမြို့ အမှတ် (၄) အခြေခံအထက်တန်းကျောင်းတွင် ဆော့ကစားနေသည့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဇူလိုင်လ ၁၀ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။ အဆိုပါ ကလေးငယ်အပါအဝင် ကလေးငယ် လေးယောက်တို့သည် ကျောင်းဝန်းထဲတွင် ဆော့ကစားနေခဲ့ကြပြီး ကျောင်းဆောင်ပြူတင်းပေါက်မှန်အား ပေါက်ခွဲမိခဲ့ရာ သူငယ်ချင်းသုံးယောက်မှာ ထွက်ပြေးကာ တစ်ယောက်တည်းကျန်နေခဲ့စဉ်တွင် စစ်ကောင်စီတပ်ဖွဲ့များရောက်ရှိလာကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဟားခါးဒေသခံတစ်ဦးထံမှ သိရသည်။ အသက်မပြည့်သေးသော ဆယ်ကျော်သက်ကလေးငယ်ကို ယမန်နေ့ နေ့ခင်း နှစ်နာရီခွဲဝန်းကျင်ခန့်က စစ်ကောင်စီတပ်မှ ဟားခါးမြို့ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။ ထို့နောက် အဆိုပါကလေးငယ်၏ မိဘများနှင့်အတူ အသင်းတော်မှ သင်းအုပ်ဆရာများမှ ပြန်လည်လွှတ်ပေးရန် သွားရောက်တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး ယမန်နေ့ ညနေ ခြောက်နာရီဝန်းကျင်တွင် ပြန်လည်လွှတ်ပေးခဲ့သည်ဟု ဟားခါး ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့က စစ်ကား ၃ စီးဖြင့် အမှတ် ၄ အခြေခံအထက်တန်းကျောင်းသို့ ရောက်ရှိလာပြီး စစ်သားနှင့် အိုးခွက်၊ ပန်းကန် အသုံးဆောင်ပစ္စည်းများအား ကျောင်းဝန်းထဲသို့ချထားပြီးနောက် ပြန်လည်ထွက်ခွါသွားကြသည်ဟု သိရသည်။
ချင်းပြည်နယ်၊ ဖလမ်းမြို့မှ ဟားခါးမြို့ဘက်သို့ထွက်ခွာလာသော အင်အား (၂၀ဝ) ကျော်ရှိ စစ်ကောင်စီတပ်ဖွဲ့သည် ဖလမ်း-ဟားခါးကားလမ်းမပေါ်က တာလ်ကျေးရွာနှင့် တလန်ဇာကျေးရွာက အိမ်ခြေ ၃၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင် (၉) ရက်နေ့က ဖလမ်းမြို့နယ်၊ တားလ် (Taal) ကျေးရွာမှ နေအိမ် (၂၉) လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ တားလ်ကျေးရွာသည် ဖလမ်း-ဟားခါးလမ်းမပေါ်တွင် တည်ရှိပြီး ပြီးခဲ့သည့်နှစ်တွင် စကစတပ်မှ မီးရှို့ဖျက်စီးခဲ့ကြပြီး ယခု ထပ်မံမီးရှို့ခဲ့ခြင်းဖြစ်ပြီး နေအိမ် (၅) လုံးကိုလည်း ဖောက်ထွင်းခဲ့ကြပါသည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) က ထုတ်ပြန်သည်။ စစ်ကား ၂၇ စီးဖြင့် ဟားခါးမြို့ကို ချီတက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် CNDF, CNA, CDF နှင့် CJDC ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ လမ်းတလျှောက် ခုခံတိုက်ခိုက်လျှက်ရှိပြီး အထိနာနေသော စစ်ကောင်စီတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် တလန်ရောန်ကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းနှင့် သူနာပြုဆရာမနေအိမ်တစ်လုံး လက်နက်ကြီးထိမှန် ပျက်စီးခဲ့သည်ဟု သိရသည်။ ဇူလိုင်လ (၁၀) ရက်နေ့ မွန်းလွဲပိုင်းကလည်း တလန်ဇာရ်ကျေးရွာ ရှိနေအိမ်များကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ထပ်မံမီးရှို့ခဲ့ရာ နေအိမ် (၆) လုံး မီးလောင်ပျက်စီးခဲ့ရသည်ဟု သိရသည်။
ချင်းပြည်နယ်၊ ဖလမ်း- ဟားခါးလမ်းပေါ်တွင်ရှိသော တားလ်ကျေးရွာက လူနေအိမ်အားလုံးနီးပါးကို စစ်ကောင်စီ တပ်ဖွဲ့မှ ဇူလိုင် ၉ ရက် မနက် ၁၁ နာရီအချိန်ကစတင်ပြီး မီးရှို့ဖျက်ဆီးခဲ့သည်ဟု တားလ် ကျေးရွာဒေသခံတစ်ဦးက ပြောသည်။ “သူတို့က မနေ့ညက ကျွန်တော်တို့ရွာနားမှာ ဒီမနက် ၈ နာရီလောက်မှာ အခုက တရွာလုံး နီးပါးရှို့ထားတာ။ အခု ၇ အိမ်လောက်ပဲ မီးမရှို့တာ။ ကျွန်တော်တို့လည်း တောထဲမှာပုန်းတာဆိုတော့ ဒီမနက် ဟိုဖက်ရွာကနေ ကျွန်တော်တို့ ရွာမီးရှို့တာတွေ့တာ” ဟု တားလ်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။ တားလ်ကျေးရွာသည် ဖလမ်းမြို့နှင့် ၁၄ မိုင်ခန့်ကွာဝေးကာ ၎င်းကျေးရွာတွင် ဝန်းထမ်အိမ်အပါအဝင် အိမ်ခြေ ၄၁ အိမ်ခန့်ရှိသည်ဟု သိရပြီး ကျေးရွာနေပြည်သူများသည် တောထဲတောင်ထဲတွင် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ ၎င်းအပြင် စစ်ကောင်စီတပ်ဖွဲ့သည် ဖလမ်းမြို့နယ်၊ လုံရန်ကျေးရွာလူနေများအား ဖောက်ထွင်းကာ ပစ္စည်းများ ခိုးယူဖျက်စီးမှုများရှိကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ဇြန္လ ၂၉ ရက်နေ့က ကလေးမြို့ဖက်မှ ဟားခါးမြို့ဘက်သို့ စစ္ကား ၂၇ စီးဖြင့် ဦးတည်ထွက်လာပြီး ယခုလက်ရှိတွင် ဖလမ်း-ဟားခါးကြားတွင် ရောက်ရှိနေကြသည်။ ယမန်နေ့ ဇူလိုင်လ ၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် CNA နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့သည် ထလန်ရောန်ကျေးရွာအနီးတွင် ၃ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ အကျအဆုံးရှိသည်ဟု သိရသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင်လည်း တားလ်ကျေးရွာမှ လူနေအိမ် ၁၁ အိမ်ကို စစ်ကောင်စီတပ်ဖွဲ့မှ မီးရှို့ခဲ့ပြီးဖြစ်သည်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့်ဇွန်လအတွင်းမှာ ဒေသခံ ချင်းလူမျိုး ၁၅ ဦးထက်မနည်းကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (IKACC) က ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပြန်သည်။ ပလက်ဝမြို့နယ် ကုလားတန်မြစ်အနောက်ဘက် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့များ လှုပ်ရှားရာနယ်မြေအတွင်းရှိ ကျေးရွာ ၅ ရွာခန့်က ဒေသခံအရပ်သားပြည်သူ ၁၅ ဦးထက်မနည်းကို AA က ဇွန်လအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့ချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း IKACC က တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကျနော်တို့မြေပြင်သတင်းအရ AA ကနေ ဖမ်းတာ ၁၅ ဦးလောက်ရှိတယ်လို့သိရတယ်၊ သူတို့ (AA) ကို အနှောက်အယှက်ပေးလို့ ဖမ်းခံရတာလားဆိုတာတော့ တိတိကျကျမသိရဘူး ဒါပေမယ့် ကျနော်တို့ နားလည်ထားတာကတော့ အခုအဖမ်းခံရတဲ့သူတွေဟာ သာမန်အရပ်သားပြည်သူတွေဖြစ်တယ်လို့ သိရတယ်” ဟု IKACC ကတာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ အဖမ်းခံရသူများသည် သာမန် ရပ်သူရပ်သားအရပ်သားများသာဖြစ်ပြီး ရက္ခိုင့်တပ်တော်က ခေါ်ယူထိန်းသိမ်းစစ်ဆေးမှု ပြုလုပ်ရသည်အထိ ဆောင်ရွက်ရန် လိုအပ်သူများမဟုတ်ကြောင်း IKACC က ဆိုပါသည်။ ပလက်ဝမြို့နယ်အတွင်းရှိ ချင်းလူမျိူးအပါအဝင် ဒေသခံပြည်သူများအား ရက္ခိုင့်တပ်တော် (AA) က ခေါ်ယူထိန်းသိမ်းမှု ပြုလုပ်ခြင်းသည် ဒေသတွင်း အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရာ၌ မလိုလားအပ်သော နားလည်မှုလွှဲမှာခြင်းမျိုး ထပ်မံပေါ်ပေါက်လာနိုင်သဖြင့် ခေါ်ယူထိန်းသိမ်းထားသည့် ပြည်သူများအား အမြန်ဆုံးပြန်လွှတ်ပေးရန် IKACC က တောင်းဆိုထားသည်။ “သူတို့ (AA) ကလည်း…
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၇ ရက် ည (၉) နာရီဝန်းကျင်က ဈေးသစ်ရပ်ကွက်၊ တာလ်ကျုံးလိန်းလမ်းပေါ်ရှိ အ.ထ.က (၁) ကျောင်းအနီးတွင် မိုင်းမတော်တဆပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ CDF-Hakha ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။ “မနေ့ညက အ.ထ.က (၁) ကျောင်းနားမှာဖြစ်တာ။ နှစ်ယောက်စလုံးက လူငယ်တွေပဲ၊ မိုင်းမတော်တဆ ပေါက်ကွဲသွားတာထင်တယ်” ဟု ဟားခါးမြို့ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါသေဆုံးသည့် CDF-Hakha ရဲဘော်နှစ်ဦးမှာ အသက် ၂၀/၂၅ နှစ်ဝန်းကျင်ခန့်သာရှိကြပြီး ၎င်းတို့၏ ရုပ်အလောင်းကိုမူ စစ်ကောင်စီတပ်ဖွ့ဲဝင်များက သယ်ယူသွားသည်ဟု သိရသည်။ စစ်ကောင်စီတပ်၏ ဝါဒဖြန့် သတင်းထုတ်ပြန်ရေး တယ်လီဂရမ်ချန်နယ်၏ ဖော်ပြချက်အရ “ဇူလိုင် ၇ ရက် ည ၁၁ ခွဲအချိန်တွင် ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်အတွင်း ဗုံးပေါက်သံကြားလို့ သွားရောက်ရှင်းလင်းချိန်တွင် တာလ် ကျုံးလိန်းလမ်းပေါ် ဗုံးထောင်ရင်းဗုံးကွဲကာ သေဆုံးသွားသည့် CDF တပ်ဖွဲ့ဝင် ၁ ဦး၏ ရုပ်အလောင်းကို တွေ့ရှိတယ်” ဟု ယနေ့မနက် ၈ နာရီသတင်းတွင် ဖော်ပြထားသည်။ ထို့အပြင် ဗုံးကွဲသေဆုံးသူနှင့်အတူ Type-56 အမျိုးအစား AK သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၂၃ တောင့် ရရှိကြောင် းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း ယင်းကိစ္စနှင့်ပက်သက်ပြီး Hakha- CDF အနေဖြင့် သတင်းထုတ်ပြန်ထားခြင်းမျိုး မရှိသေးပေ။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်းရောက်ရှိနေကြသော စစ်ဘေးရှောင်များအတွက် ဖွင့်လှစ်ထားသည့် အခမဲ့ဆေးခန်းကို ယခင်က တပတ်လျှင် ၃ ရက်ဖွင့်လှစ်ခဲ့ရာမှ ၅ ရက်အထိ ထပ်တိုးဖွင့်လှစ်တော့မည်ဟု သိရသည်။ အဆိုပါဆေးခန်းသည် ယခင်က တပတ်လျှင် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ၃ ရက်သာဖွင့်လှစ်ပြီး ရက်အကန့်အသတ်ကြောင့် လူနာများအခက်ကြုံခဲ့ရသည့်အပြင် ယခုရက်ပိုင်းအတွင်း လာရောက်ပြသသည့်လူနာ များလာသည့်အတွက် ယခုဇူလိုင်လမှစတင်ကာ တနင်္လာနေ့မှ သောကြာနေ့အထိ ဖွင့်လှစ်သွားရန် စီစဉ်ခြင်းဖြစ်သည်ဟု သိရသည်။ ဆေးခန်းတာဝန်ခံတစ်ဦးက “အရင်က ၃ ရက်ပဲဖွင့်တဲ့အချိန်ကျတော့ တချိူ့က မသိလိုက်လို့ ဆေးခန်းပိတ်တဲ့နေမှာ လာတဲ့သူတွေရှိရင် ဒုက္ခရောက်ကြတယ် အဲဒါကြောင့် ရက်တိုးဖွင့်လိုက်ရအောင်ဆိုပြီး ဆုံးဖြတ်လိုက်ကြတာ” ဟု ပြောသည်။ လာရောက်ပြသသည့်လူနာများကို သမားတော်နှင့် တာဝန်ခံဆရာဝန်များမှ တပတ်လျှင် ၅ ရက်ကြည့်ရှုမည်ဖြစ်ကာ သမားတော်ဆရာဝန်မှ ၃ ရက်ကြည့်ရှုမည်ဟု သိရသည်။ စစ်ဘေးရှောင်ပြည်သူများအတွက် အခမဲ့ ဖွင့်လှစ်သည့် အဆိုပါဆေးခန်းကို Mizo Student Union (MSU), BN Hospital, Myanmar Refugee Relief Committee (MRRC) နှင့် Chin Health Organization (CHO) တို့ပူးပေါင်းပြီး အိုင်ဇောလ်မြို့ ကူလီကွန်ရပ်ကွက် BN Hospital တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဖွင့်လှစ်ခဲ့ကြခြင်းဖြစ်သည်။
လိုင်လင်းပီမြို့မှ မတူပီမြို့နယ်ဘက်သို့ စစ်ကြောင်းထွက်လာသည့် အကြမ်းဘက်စစ်ကောင်စီနှင့် CDF-Matupi တို့သည် ရဲန်ခဲန်းနှင့် အမ်လိုင်ကျေးရွာကြားတွင် ယနေ့ ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်း (၉) နာရီမှ (၁၀) နာရီထိ ၁ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစဘက်မှ ၃ ဦးသေဆုံးပြီး ၂ ယောအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း CDF-Matupi က ထုတ်ပြန်သည်။ CDF-Matupi ဘက်မှ အထိအခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၀င်များသည် ရဲန်ခဲန်းကျေးရွာသို့ တပ်ဆုတ်ကာ ကျေးရွာမှ ပြည်သူပိုင်နေအိမ် (၃) လုံး မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။
အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်တိုင်း တမူးမြို့တွင် ဇူလိုင် ၅ ရက်နေ့က စစ်ကောင်စီလက်ပါးစေ ပျူစောထီးအဖွဲ့မှ ပစ်သတ်ခဲ့သော အိန္ဒိယနိုင်ငံသား ၂ ဦး၏ ရုပ်အလောင်း ပြန်လည်ရရှိရေးအတွက် မဏိပူရ်ပြည်နယ် နယ်စပ် မိုးရေးမြို့တွင် ဒေသခံပြည်သူလူထုက ယနေ့မွန်းလွဲပိုင်းတွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ တမူးမြို့နှင့် ထိစပ်နေသော အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် နယ်စပ်မြို့ မိုးရေးပြည်သူထုသည် မိုးရေးမြို့ရဲစခန်းရှေ့တွင် ယနေ့မွန်းလွဲပိုင်း ၂ နာရီခန့်က သွားရောက်တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြပြီး အလောင်းပြန်မရသည့်အတွက် အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ မြန်မာဘက်က ရဲကင်းတစ်ခုကို မီးရှို့ခဲ့ကြသည်ဟု သိရသည်။ ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်ခန့်တွင် တမူးမြို့ စော်ဘွားရပ်ကွက်ရှိ အမှတ် ၄ အထက်တန်းကျောင်းအနီးတွင် သူငယ်ချင်းအိမ်သို့ အလည်သွားပြီး ပြန်လာကြသည့် အသက် ၂၈ နှင့် ၃၅ နှစ်အရွယ်ခန့်ရှိသော အိန္ဒိယနိုင်ငံသား ၂ ဦးကို ပျူစောထီးများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း တနိုင်ငံလုံးတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်မှုများဖြစ်ပွားလာပြီး စစ်ရေးပဋိပက္ခ ပြင်းထန်လာမှုကြောင့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲက ဒေသခံပြည်သူများသည် ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်ပြည်သူများကို အိန္ဒိယဗဟိုအစိုရက လက်မခံခဲ့သော်လည်း မီဇိုရမ်ပြည်နယ်အစိုးရက နွေးထွေးစွာလက်ခံကြိုဆိုပြီး စစ်ဘေးရှောင်စခန်းများဖွင့်လှစ်ကာ ပြန်လည်နေရာချထားရေးများ လုပ်ဆောင်ပေးခဲ့သည်။ စစ်ဘေးရှောင်ပြည်သူများထဲမှ ထက်ဝက်ခန့်သည် မီဇိုရမ်ပြည်နယ် ခရိုင် ၈ ခုတွင် ဖွင့်လှစ်ထားသော Relief Camp ကယ်ဆယ်ရေးစခန်းများတွင်နေထိုင်ကြပြီး ကျန်တဝက်ခန့်မှာ စခန်းပြင်ပတွင် အိမ်ငှားနေထိုင်ကြရပါသည်။ စစ်ဘေးရှောင်ပြည်သူအများစုသည် စေတနာအလှူရှင်များ၏ လှူဒါန်းထောက်ပံ့ပေးမှုဖြင့်သာ ရပ်တည်နေကြရသည်။ ယခုဆိုလျှင် မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးတိမ်းရှောင်လာကြသည်မှာလည်း တစ်နှစ်ကျော်ရှိလာပြီဖြစ်ကာ စစ်ဘေးရှောင်ပြည်သူများ၏ ဘဝရပ်တည်မှုအခြေအနေ အခက်အခဲ စိန်ခေါ်မှုများနှင့်ပတ်သက်၍ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသော Myanmar Refugee Relief Committee- Mizoram (MRRCM) အတွင်းရေးမှူး Salai Hulian နှင့် ဆက်သွယ်မေးမြန်းထားသည်။ မေး – ပထမဆုံးအနေနဲ့တော့ ဆရာတို့ရဲ့အဖွဲ့အစည်းအကြောင်း ပြောပြလို့ရမလား။ ဘယ်တုန်းက ဘယ်လို စတင်ဖွဲ့စည်းဖြစ်ကြတာပါလဲ။ ဖြေ – မြန်မာဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့ MRRCM သည် မီဇိုရမ်ရှိ မြန်မာဒုက္ခသည်များအတွက်သာ တည်ထောင်ထားသော အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်တယ်။ မီဇိုရမ်ကျောင်းသားသမဂ္ဂ၊ Myanmar Action Group ဒိန်းမတ်၊ ချင်းရေးရာအဖွဲ့ချုပ်၊ မြောက်အမေရိက ချင်းနှစ်ခြင်းခရစ်ယာန်အသင်း၊ ချင်းကျန်းမာရေးအဖွဲ့၊ ဒေသခံကျေးရွာ ဒုက္ခသည်များကော်မတီတွေနှင့် ဒုက္ခသည်များအတွက် လုပ်ဆောင်နေသော အခြား NGO…