ဒုတိယ ကမ္ဘာစစ်အတွင်း ဗြိတိသျှတပ်မတော်ထဲ စစ်မှုထမ်းခဲ့သည့် စစ်သည်များနှင့် ၎င်းတို့၏ ဇနီးသည်များအား ထောက်ပံ့ရေးအစီအစဉ်ကို လာမည့် နိုဝင်ဘာလတွင် ပြန်လည်စတင်တော့မည်ဟု စုံစမ်းသိရှိရသည်။ ယင်းထောက်ပံ့မှုသည် အင်္ဂလန်အခြေစိုက် Help For Forgotten Allies (H4FA) အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ ဗြိတိသျှ စစ်မှုထမ်းဟောင်းများ ထောက်ပံ့သည့်အစီစဉ်ဖြစ်ပြီး ချင်းပြည်နယ်နှင့် ကလေးကဘော်ဒေသတွင် လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်စတင်ကာ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) နှင့် ပူပေါင်း၍ စတင်ထောက်ပံ့ခဲ့ကြသည်ဟု ချင်းလူမှုအခွင့်အရေးအဖွဲ့မှ Field Director Salai Tera ကပြောသည်။ “ ဒုတိယကမ္ဘာစစ်ကာလတုန်းက ဗြိတိသျှတပ်မတော်ထဲမှာ စစ်မှုထမ်းခဲ့တဲ့ ဘယ်လူမျိုးမဆိုအကျူံးဝင်ပါတယ်၊ ယနေ့ချိန်ထိ အသက်ရှင်သေးတဲ့သူတွေရှိရင် သူတို့ကိုထောက်ပံ့ပါတယ်၊ တကယ်လို့ကွယ်လွန်သွားပြီဆိုရင်တော့ ကျန်ရစ်ခဲ့တဲ့ သူတို့ရဲ့ဇနီးသည်တွေကို ထောက်ပံ့ပါတယ်၊ ဒါပေမယ့် နှစ်ယောက်စလုံးကွယ်လွန်ကြပြီဆိုရင်တော့ ထောက်ပံ့မှုမပေးတော့ဘူး’’ ဟု Salai Tera ကပြောသည်။ ယင်းထောက်ပံ့မှုအစီစဉ်သည် တစ်နှစ်လျှင် ကျပ်ငွေ (၂သိန်း) နှုန်းဖြင့် နှစ်စဉ်ထောက်ပံ့သည့်အစီစဉ်ဖြစ်ပြီး ပြီးခဲ့သည့် (၂) နှစ်အတွင်း ချင်းပြည်နယ် နှင့် ကလေးကဘော်ဒေသရှိ ချင်းစစ်သည် (၁၀၀) ခန့်ကို ထောက်ပံ့နိုင်ခဲ့သည်ဟု သိရသည်။ ယခု ၂၀၁၈ ခုနှစ်အတွက် ထောက်ပံ့မည့်အစီစဉ်ကို နိုဝင်ဘာလတွင် ပြန်လည်စတင်မည်ဖြစ်ပြီး CHRO (09263 075540, 09255934177) အဖွဲ့ထံသို့ ဆက်သွယ်နိုင်သည်ဟု ၎င်းကဆက်ပြောသည်။
Author: Editor
ချင်းပြည်နယ် ဟားခါးမြို့တွင် ဟားခါးစာပေနှင့်ယဉ်ကျေးမှုကော်မတီဖွဲ့စည်းနိုင်ရန် ဟားခါးမြို့ရှိ လူမှုရေး အသင်းအဖွဲ့များစုပေါင်း၍ ယနေ့ အစည်းအဝေးတရပ် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟားခါး ကယ်ဆယ်ရေးကော်မတီ အတွင်းရေးမှူး ဦးတလွန်ကျဲအိုက “ကျတော်တို့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွေမှာရှိကြတဲ့ လိုင် (ဟားခါး) ဘာသာ အသုံးပြု ကြတဲ့ ပြည်သူတွေ၊ ကျောင်းတွေမှာ လိုင်ဘာသာစကား သင်ကြားနိုင်ဖို့နဲ့ လိုင်ဘာသာ စကားကို တရားဝင် သင်ကြားနိုင်ဖို့ ကော်မတီတရပ်ဖွဲ့စည်းပြီး လုပ်ငန်းအကောင်အထည်ဖေါ်ရမှာ ဖြစ်တယ်“ ဟု ပြောသည်။ ယခုလက်ရှိတွင် ချင်းဆက်သွယ်ရေးအဖွဲ့ (CACC) မှ စာပေနှင့် ယဉ်ကျေးမှုကော်မတီအမည်ဖြင့် ချင်းပြည်နယ်အစိုးရထံ ယာယီမှတ်ပုံတင်ရရှိထားပြီး ဟားခါးစာပေနှင့် ယဉ်ကျေးမှုကော်မတီဆိုင်ရာ လုပ်ငန်းကို တရားဝင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း ချင်းဆက်သွယ်ရေးအဖွဲ့၏ စာပေနှင့် ယဉ်ကျေးမှု ကော်မတီ အတွင်းရေးမှူး ဦးလိုင်ကျူံးက ပြောသည်။ ဟားခါးစာပေနှင့်ယဉ်ကျေးမှုကော်မတီဖွဲ့စည်းနိုင်ရန် ဦးဆောင်ရမည့် Nomination Committee ကို လူ (၉) ဖြင့်ဖွဲ့စည်းထားပြီး လာမည့် စက်တင်ဘာလ (၂၈) ရက်နေ့တွင် ချင်းဆက်သွယ်ရေးအဖွဲ့ ရုံးခန်းတွင် အစည်းအဝေး တရပ်ကျင်းပပြုလုပ်မည်ဖြစ်သည်။ ဤအစည်းအဝေးတွင် ဟားခါးစာပေနှင့် ယဉ်ကျေးမှု ကော်မတီ၏ တာဝန်ရှိသူများကို ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်၊ ပီချောင်းဒေသအထက်ပိုင်း ငတိန်းအုပ်စု ငတိန်းကျေးရွာနေ ဒေါ်ဖြစ်လိုက် အသက် (၂၈) နှစ်သည် စက်တင်ဘာလ (၂၀) ရက်နေ့က တောထဲတွင် ၀ဥရှာဖွေရင်း မြေမြှပ်မိုင်းနင်းမိ၍ သေဆုံးသွားသည် ဟု သိရသည်။ ဒေါ်ဖြစ်လိုက်နှင့်အဖော် (၅) ဦးတို့သည် ရွာမှ မိနစ် (၃၀) ခန့်သွားရသော ခရုတောင်စောင်းဒေသတွင် ၀ဥ ရှာဖွေရင်း အမည်မသိသူများ ထောင်ထားသော မြေမြှပ်မိုင်းနင်းမိကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ခူမီးမီဒီယာမှ အယ်ဒီတာ ကိုပီတာလွယ်လူးကပြောသည်။ ဒေါ်ဖြစ်လိုက်တွင် အသက် (၅) နှစ်အရွယ် သမီးလေး ကျန်ရစ်ခဲ့သည်ဟု သိရသည်။ အဆိုပါဒေသသည် မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ်ဘက်ဖြစ်ပြီး ရခိုင့်တပ်မတော်တို့ လှုပ်ရှားသည့်နယ်မြေဒေသတစ်ခု ဖြစ်သည်ဟု သိရသည်။ သို့သော်လည်း ယခုမြေမြှပ်မိုင်းသည် မည်သည့်တပ်ဖွဲ့မှ ထောင်းထားသည့် မိုင်းဖြစ်သည်ကိုမူ မသိရပေ။ ခူမီးမီဒီယာမှ အယ်ဒီတာ ကိုပီတာလွယ်လူးက “ မြေမြှပ်မိုင်းအသုံးပြုတာတော့ တကယ့်ကို အန္တာရာယ်ရှိတယ်၊ လက်နက်ပိုင်တပ်ဖွဲ့တွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့အမှုန်းပွားလို့ ထောင်းထားကြတဲ့ မြေမြှပ်မိုင်းမှာ အပြစ်မဲ့ပြည်သူတွေသေဆုံးရတာဟာ တကယ်ကိုစိတ်မကောင်းဘူး အစိုးရအနေနဲ့ ဒီကိစ္စအပေါ်မှာ သေဆုံးသွားတဲ့ မိသားစုတွေကို တစ်စုံတစ်ရာကူညီထောက်ပံ့ သင့်ပါတယ်’’ ဟု ပြောသည်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ၂၀၁၅ ခုနှစ် နောက်ပိုင်းမှစတင်ကာ ရခိုင့်တပ်မတော် နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ရာနှင့်ချီသောဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။
ချင်းပြည်နယ်ကိုဖြန်သန်းပြီး အိန္ဒိနိုင်ငံသို့ သွားရောက်မည်ဟု ယူဆရသည့် ရခိုင်လူငယ် (၅) ဦးကို စက်တင်ဘာလ (၂၂) ရက်နေ့က တီးတိန်မြို့နယ်တွင် ဖမ်းဆီးထားသည်ဟု ချင်းပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဦးဟန်ဝင်းအောင်ထံမှသိရသည်။ “သူတို့ကိုဖမ်းထားတယ် ဖမ်းထားတာမှန်တယ်။ အကြမ်းဖျင်းအားဖြင့်တော့ အိန္ဒိယနိုင်ငံသားခံယူထားတဲ့ သူတို့မှတ်ပုံတင်တွေပါလာတယ် မြန်မာနိုင်ငံသားမဟုတ်ပဲနဲ့ အိန္ဒိယနိုင်ငံသားခံယူထားတယ် အဲဒီတော့ လ.၀.က ဥပဒေပုဒ်မနှင့်တော့ အရေးယူဖို့ ဖြစ်နိုင်ခြေရှိနိုင်တယ်” နယ်/လုံ ၀န်ကြီးကပြောသည်။ ၎င်းတို့ကို တီးတိန်မြို့ ရဲစခန်းတွင် ထိန်းသိမ်းထားပြီး မြန်မာနိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်ထားသော်လည်း အတုပုံစံဖြစ်နေကြောင်း၊ ရခိုင့်တပ်မတော် (AA) တပ်ဖွဲ့နှင့် ဆက်နွယ်မှုရှိမရှိ စစ်ဆေးနေပြီး အသေးစိတ်ပြောဆို၍ မရသေးကြောင်း ၀န်ကြီးကဆက်ပြောသည်။ ဗိုလ်မှူးကြီး ဦးဟန်ဝင်းအောင်က “ အဲဒီကိစ္စနှင့်ပတ်သက်ပြီးတော့ မသိသေးဘူးခဗျာ စစ်ဆေးနေတုန်းပဲရှိသေးတယ် ဘာမှ ခန့််မှန်းပြောလို့မရသေးပါ” ဟု ပြောသည်။ ဟားခါးအခြေစိုက် The Chinland Post သတင်းဌာန၏ ဖော်ပြထားချက်အရ ရခိုင်လူငယ် (၅) ဦးတို့သည် ရခိုင်ပြည်နယ်မှ ရန်ကုန်၊ ရန်ကုန်မှ ကလေးမြို၊ ကလေးမြို့မှ ချင်းပြည်နယ် ရိဒ်နယ်စပ် ထိုမှတဆင့် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာသို့ သွားရောက်မည့်သူများဟု သိရသည်။ အဆိုပါ ရခိုင်လူငယ် (၅) ဦးတို့မှာ မောင်အေးမောင် ၁၁/ကတန(နိုင်) ၁၄၅၇၃၅၊ မောင်သန်းစိုးဝင်း ၄/ပလ၀ (နိုင်) ၀၇၃၇၀၂၊ မောင်ခိုင်မောင်စိုး ၁၁ /ကတန (နိုင်) ၁၈၁၈၃၂၊ မောင်မျိုးမင်းလှိုင် ၁၁/စတန (နိုင်) ၁၀၈၈၆၃နှင့် မောင်ရွှေဝင်း ၁၁ /ကတန (နိုင်)…
ချင်းပြည်နယ်၊ ဖလမ်းမြို့မှ – ရိဒ်ခေါဒါရ်မြိ့သို့ ဆက်သွယ်သည့် (၆၄) မိုင် (၂) ဖာလုံရှည်လျားသော ကားလမ်းကို ရာသီမရွေး သွားလာနိုင်သည့် ကတ္တရာလမ်း (သို့) ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဟု သိရသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် န၀မပုံမှန်အစည်းအဝေးတွင် ချင်းပြည်နယ်၊ အမှတ် (၄) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်း ၏မေးမြန်းမှုကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း မှ ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့သည်။
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ရှိ မြို့မဘောလုံးကွင်းအသစ်တည်ဆောက်ရာတွင် ငွေကြေးများစွာကုန်ကျခြင်းနှင့် တည်ဆောက်မှုပုံစံသည် ကစားသမားများအတွက် ဘေးကင်းလုံခြုံမှုမရှိဟုဆိုကာ ဒေသခံပြည်သူများက မကျေမနပ်ဖြစ်နေကြသည်ဟု သိရသည်။ ယင်းကိစ္စနဲ့ပတ်သက်ပြီး အမှတ် (၁) အုပ်ချုပ်ရေးမှူး ဦးလျန်ဒါးလ် ကိုမေးမြန်းသည့်အခါ “ကုမ္ပဏီက တည်ဆောက်မှုလုပ်ငန်း အကုန်ပြီးစီးပြီးမှ လာကြည့်ဖို့ပြောတယ်၊ သွားကြည့်တော့ ကွင်းပတ်ပတ်လည်ကွန်ကရစ်ဘောင်လုပ်တာကလည်း ဂိုးတိုင်ကနေ ၄ ပေလောက်အကွာလောက်မှာ လုပ်ထားတော့ ကစားသမားတွေအတွက် မတော်တဆထိခိုက်နိုင်တယ်၊ ဒီအကြောင်းအရာကို ကုမ္ပဏီကိုတင်ပြတော့ ပြည်နယ်အစိုးရနှင့် သဘောတူထားတဲ့အတိုင်း သူတို့လုပ်တာပါလို့ပြောတယ်၊ အားကစားကွင်း မြေပြင်ကိုလည်း ညီညီလေးဖြစ်အောင် လုပ်ပေးပါလို့ပြောတော့လည်း စာချုပ်ထဲမှာမပါဘူးလို့ ပြန်ပြောကြတယ်။ ဒါ့အပြင် ဘောလုံးကွင်းတည်ဆောက်မယ့် ပုံစံကြမ်းကိုလည်း မကြည့်ရသလို အားကစားကွင်းတည်ဆောက်တဲ့ ကုန်ကျစရိတ်စာရင်းကိုလည်း တောင်းလို့မရဘူး” ဟုပြောသည်။
ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံချစ်ကြည်ရေးနယ်စပ်ဂိတ်တွင် မြန်မာနိုင်ငံကိုတင်ပို့မည်ဟုယူဆရသော အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် ဆေးဝါးများစွာနဲ့အတူ ချင်းအမျိုးသားတစ်ဦးကို စက်တင်ဘာ (၂၁) ရက်နေ့က နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။ နိုင်ငံခြားထုတ်ဆေးဝါးများသယ်ဆောင်လာပြီး ဆေးဝါးပိုင်ရှင်ဟုယူဆရသော ချင်းအမျိုးသားတစ်ဦးမှာ ဖလမ်းမြို့နယ်၊ ရမ်ထလို ကျေးရွာတွင်နေထိုင်သူ အသက် (၃၀) အရွယ် ဒေးဗစ်ထန်း အား ဖမ်းဆီးခဲ့ပြီး (ပ) ၈/၂၀၁၈ ပို့/သွင်းကုန် ဥပဒေပုဒ်မ (၈) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း ရိခေါဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန facebook စာမျက်နှာတွင် ဖော်ပြသည်။ ဆေးဝါးများစွာ သယ်ဆောင်လာသူ ဒေးဗစ်ထန်း က အဆိုပါဆေးဝါးများကို အဖြူရောင်ပီနံအိတ်တွင်ထည့်ပြီး သယ်ဆောင်လာခြင်းဖြစ်၍ မသင်္ကာမှုဖြင့် နယ်စပ်ပူးပေါင်းအဖွဲ့မှ ရှာဖွေစစ်ဆေးခဲ့ရာ ကျပ်ငွေ (၃၃၈၀၅၀) တန်ဖိုးရှိ နိုင်ငံခြားထုတ်ဆေးဝါးများအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယခုလို ဖမ်းဆီးခဲ့သော နိုင်ငံခြားဆေးဝါးအမျိုးအစားများမှာ (Cyprimed) စာသားပါ အိန္ဒိယနိုင်ငံထုတ် အားဆေးဗူး (၁၅) ဗူး၊ Pydina-s စာတမ်းပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် အစာအိမ် အားတိုးဆေး (၁၂) ဗူးစီပါ (၃) ဖာ၊ Pudina-s စာတမ်းပါ အစာအိမ်အားတိုးဆေး (၁၁) ဗူးပါ (၁) ဖာ တို့ဖြစ်ကြောင်း ထပ်မံဖော်ပြသည်။
ချင်းပြည်နယ်နဲ့ထိစပ်နေသော မီဇိုရမ်ပြည်နယ်၏ လွန်ခဲ့သော ၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းအရ မီဇိုရမ်ပြည်နယ်အတွင်း လူဦးရေ (၁၁) သိန်းရှိရာမှ HIV ရောဂါပိုးရှိသူ ဦးရေ (၁၈၀၈၁) ဦး ရှိကြောင်း သိရသည်။ ၄င်းမှာ မီဇိုရမ်ပြည်နယ်တွင်ရှိသော လူဦးရေအရ HIV ရောဂါပိုးရှိသူ တစ်ရာမှာ ၁.၆ ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရပြီး ယခုလို HIV ရောဂါကူးစက်တိုးပွားလာခြင်းမှာ ကွန်ဒုံး (condom) မပါဘဲ လိင်ဆက်ဆံခြင်းမှ အများဆုံး ဖြစ်တယ်လို့ မီဇိုရမ်နေ့စဉ်ထုတ် သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။ အိန္ဒိယနိုင်ငံရှိ HIV Estimations 2017 Technical Report ၏ သွေးစစ်ဆေးချက်အရ မီဇိုရမ်သည် တစ်ရာမှာ ၂.၀၄ ရာခိုင်နှုန်းဖြင့် အိန္ဒိယနိုင်ငံတွင် HIV ရောဂါရှိသည့် အများဆုံးပြည်နယ်ဖြစ်ပြီး မဏိပူပြည်နယ် နှင့် နာဂလဲန်ပြည်နယ်တို့က နောက်က လိုက်လာ ကြောင်း သိရသည်။ ၁၉၉၀ ခုနှစ် အောက်တိုဘာလမှ ၂၀၁၈ သြဂုဏ်လအထိ မီဇိုရမ်ပြည်နယ်အတွင်း HIV ရောဂါကူးစက်မှုအများဆုံးမှာ လိင်ဆက်ဆံ ခြင်းမှဖြစ်ပြီး ၆၆ ရာခိုင်နှုန်းရှိကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှု (ဆေးထိုးအပ်) မှ ၂၇ ရာခိုင်နှုန်း၊ မိခင်မှ ၃ ရာခိုင်နှုန်း နှင့် လိင်တူ ဆက်ဆံခြင်းမှ ကူးစက်မှုမရှိသေးကြောင်း မီဇိုရမ်ပြည်နယ် AIDS ရောဂါ ထိန်းချုပ်ရေးအဖွဲ့ Mizoram State AIDS Control Society (MSACS) အဖွဲ့…
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆီးယင်းသစ်တောကြိုးဝိုင်းဧရိယာအတွင်းမှ မြေဧက (၃၀၀) ကျော်ကို ကလေး တက္ကသိုလ်မြေနေရာအဖြစ်လွှဲပြောင်းပေးနိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာမှုအပေါ် အရပ်ဖက်လူ မှုအဖွဲ့အစည်း (၃၉) ဖွဲ့က ပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်ကြသည်။ ပြီးခဲ့သည့် စက်တင်ဘာလ (၅) ရက်နေ့ကစ၍ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆီးယင်းသစ်တောကြိုးဝိုင်းမှ ကလေးတက္ကသိုလ်နယ်မြေအဖြစ် ပြောင်းလဲအသုံးပြုရန်အတွက် ကြိုးဝိုင်းတောမြေအဖြစ်မှ ပယ်ဖျက်ပြီးဖြစ်သော မြေဧရိယာ ၃၀၈ ဒသမ ၅၆ ဧကကို ခိုင်ကမ်းမြို့ အုပ်ချုပ်ရေးမှူး ဦးလှမျိုး၊ တီးတိန်မြို့နယ် လယ်ယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ခိုင်ကမ်းမြို့၊ နယ်မြေတာဝန်ခံ မြေတိုင်း-၄ ဦးဆွင်းခန့်စိန်၊ ခိုင်ကမ်းမြို့စည်ပင်သာယာရေးကော်မတီဥက္ကဌ၊ တာဝန်ခံ၊ သစ်တောဦးစီးဌာနမှတာဝန်ရှိသူများနှင့် ခိုင်ကမ်းမြို့ အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကွင်းဆင်းတိုင်းတာခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး အရပ်ဖက်အဖွဲ့အစည်းနှင့် ချင်းကျောင်းသားအဖွဲ့အစည်းများမှ စက်တင်ဘာ (၁၇) ရက်နေ့က ကလေးမြို့ Youth Center ခန်းမတွင် သတင်းစာရှင်းပွဲတစ်ရပ်ကျင်းပပြုလုပ်ပြီး ယခုကဲ့သို့ ကန့်ကွက် လိုက်ကြခြင်းဖြစ်သည်။
ချင်းပြည်နယ်မြို့တော် ဟားခါးမြို့၌ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း နှင့် ကိုက်ညီမှု မရှိသော မော်တော်ဆိုင်ကယ် အစီး (၁၀၀) ကျော်ကို စက်တင်ဘာ ၁၈ ရက်နေ့တွင် ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဟားခါးမြို့ အများပြည်သူဆိုင်ရာ လမ်းမပေါ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ကိုက်ညီမှုမရှိဘဲ မောင်းနှင်သွားလာနေသည့် မော်တော်ဆိုင်ကယ် အစီး (၁၀၀) ကျော်ကို ပြည်နယ်ယာဉ်အန္တရယ်၊ လမ်းအန္တရယ်ကင်းရှင်းရေး ကော်မတီးက ယခုလို ဖမ်းဆီး အရေးယူဆောင်ရွက်ခဲ့ကြောင်း ဟားခါးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးသီးစီးဌာန facebook စာမျက်နှာတွင် ဖော်ပြသည်။ ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ရာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာများကို လွန်ခဲ့သောလများတွင် အသိပညာပေးမှုများဆောင်ရွက်ခဲ့ပြီးကြောင်း နှင့် ချင်းပြည်နယ်အတွင်း ယာဉ်အန္တရယ်နှင့် လမ်းအန္တရယ် ကင်းရှင်းရေးအတွက် လိုင်စင်မဲ့ယာဉ်များကို ပြီးခဲ့သည့် ဇူလိုင်လ (၂) ရက်နေ့ကစပြီး တည်ဆဲဥပဒေအရ ထိရောက်စွာ ဖမ်းဆီးအရေးယူဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။