(006SV)
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် – NCAကို အခြေခံသော ငြိမ်းချမ်းရေးဆွေးနွေးပွဲ လမ်းကြောင်းအားလုံး ရပ်တန့်၊ ပျက်ပြယ်သွားပြီဖြစ်ပြီး ပြည်သူများအပေါ် အကြမ်းဖက်မှုများ အဆုံးသတ်ခြင်းမရှိဘဲ မည်သည့်ဆွေးနွေးပွဲမှ ပြုလုပ်ရန်မရှိကြောင်း CNF၊ KNU နှင့် ABSDF တို့က ဘုံသဘောထားများကို ထုတ်ပြန်သည်။
အာဏာသိမ်းစစ်ကောင်စီသည် NCA စာချုပ် ၈ နှစ်ပြည့်နှစ်ပတ်လည်အထိန်းအမှတ်ပြုလုပ်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများအား ဖိတ်ခေါ်နေသည့်အချိန်တွင် NCA စာချုပ်လက်မှတ်ထိုးထားပြီး လက်ရှိမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက် နေသည့် ချင်းအမျိုးသား တပ်ဦး (CNF)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့က ဘုံနိုင်ရေး ရည်မှန်းချက်နှင့် ရည်တည်ချက်များကို အောက်တိုဘာလ ၁၂ ရက်က ထုတ် ပြန်ခဲ့ရာမှာ ထိုကဲ့သို့ပြောဆိုလိုက်ခြင်း ဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီသည် ကြည်း၊ ရေ၊ လေတပ်များဖြင့် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ နိုင်ငံ တကာဥပဒေများကို ချိုးဖောက်သကဲ့သို ယင်းလုပ်ရပ်များသည် NCA စာချုပ် ပျက်ပြယ်မှုကို ပိုမိုခိုင်မာစေသည်ဟု ချင်းအပါအဝင် အပစ်ရပ် (၃) ဖွဲ့က ထုတ်ပြန်သည်။
NCA ကို အခြေပြု၍ ဖိအားပေးကာ ဟန်ပြအကောင်အထည်ဖော်မှုများနှင့် ကျင်းပရန်ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲများသည် နိုင်ငံ၏ အကြပ်အတည်းကို ပိုမိုနက်ရှိုင်းအောင် ပြုလုပ်နေခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။
CNF အပါအဝင် အဖွဲ့ (၃)ဖွဲ့၏ ဘုံနိုင်ငံရေးရေးမှန်ချက်တွင် နိုင်ရေးမှာ စစ်တပ်ပါဝင်နေမှုကို အဆုံးသတ်ရန်၊ စစ်တပ်ကို အရပ်သားအုပ်ချုပ်မှုအောက်၌ ထားရန်၊ ဖက်ဒရယ်နှင့် ဒီမိုကရေစီကို အခြေခံသည် ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် ရေးဆွဲပြဌာန်းရန်အပါအဝင် အချက် ၅ ချက်ပါဝင်သည်။
ဘုံနိုင်ငံရေးရပ်တည်ချက်တွင် စစ်တပ်၏ ပြည်သူများအပေါ် အကြမ်ဖက်မှုများအဆုံးသတ်ခြင်း မရှိဘဲ မည်သည့် ဆွေးနွေးမှုမှ မပြုလုပ်ရန်၊ အာဏာရှင်အရပ်သားပုံစံမျိုး မဟုတ်သည့် စနစ်အပြောင်းအလဲကို ဖော်ဆောင်ရန်၊ နိုင်ငံရေးအခွင့်အထူးခံ များ အချင်းချင်းကြား ပြုလုပ်သည့် အာဏာခွဲဝေမှုများကို လက်မခံရန် အပါအဝင် အချက် (၆) ချက် ကို ထုတ်ပြန်ခဲ့သည်။
တခြား NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများအနေဖြင့် စစ်အာဏရှင်စနစ်ကို သက်ဆိုးရှည်စေမည့် စစ်ကောင်စီ၏ လုပ်ဆောင်ချက်များတွင် ပါဝင်ခြင်း မပြုရန်နှင့် ၎င်းတို့ကို ပံ့ပိုးကူညီရန် CNF၊ KNU နှင့် ABSDF တို့က တိုက်တွန်းထားသည်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ၈ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာလ ၁၅ ရက်တွင် အာဏသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကျင်းပရန် စီစဉ်နေပြီး NCA စာချုပ် လက်မှတ်ထိုးထားသည့် ၁၀ ဖွဲ့ထဲမှ ၇ ဖွဲ့က တက်ရောက်မည်ဟု သိရသည်။