(002MG)
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့ပေါ်တွင် ကုန်စည်ပြတ်လပ်မှုကြောင့် မြို့တွင်းနေပြည်သူများ စားနပ်ရိက္ခာနှင့် မီးဖိုဆောင်သုံးပစ္စည်းများမှအစ ပြတ်လပ်နေကြသည်ဟု ကန်ပက်လက်မြို့ဒေသခံများထံမှ သိရသည်။
“ကန်ပက်လက်မြို့ပေါ်မှာ စျေးလည်းမရောင်းကြတော့ဘူး၊ အခုရှိတဲ့ဟာလည်း လက်ကျန် ပစ္စည်းလေးတွေပဲ ရောင်းကြ တော့တာ။ ဆောဖက်ကို ဆင်းပြီးမှပဲစျေးဝယ်ရတယ်။ ကန်ပက်လက်မှာက စျေးလဲမရှိတော့ဘူးဆိုတော့ ဟင်းသီး ဟင်း ရွက်နဲ့ အသားငါးသယ်လို့မရဘူး ကုန်းစိမ်းတွေရောင်း လို့ဝယ် လို့မရတော့ဘူး ဒုက္ခရောက်ကုန်တာ” ကန်ပက်လက် ဒေသခံတစ်ဦးကပြောသည်။
ယခုလက်ရှိ ကန်ပက်လက်မြို့ပေါ်တွင်နေထိုင်သူ လူဦးရေ ၂၀၀ ကျော်ခန့်ရှိသည်ဟုသိရပြီး ကုန်ပစ္စည်းများ အဓိက သယ်ယူရာလမ်းကြောင်းဖြစ်သည့် ကန်ပက်လက်-ဆော လမ်းကြောင်း အသုံးပြု၍မရသောကြောင့် စားနပ်ရိက္ခာများ ပြတ်လပ်မှုကြုံနေကြရခြင်းဖြစ်သည်။
ကန်ပက်လက်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့များ အထိုင်ချတပ်စွဲထားဆဲဖြစ်သောကြောင့် ၎င်းတို့အား ရိက္ခာ ဖြတ် တောက်နိုင်ရန်အတွက် CDF-Kanpetlet က မြို့တွင်းရှိ ပြည်သူများ ဆန်အပါအဝင် ရိက္ခာများကို မိသားစုအရေအတွက် ပေါ်မူတည်ကာ အကန့်အသတ်ဖြင့် ဝယ်ယူခွင့်ပြုထားသည်ဟုသိရသည်။
ထို့ကြောင့် လက်ရှိ ကန်ပက်လက်မြို့ခံပြည်သူများသည် (၁၂) မိုင်ခန့်ကွာဝေး မကွေးတိုင်း ဆောမြို့တွင် ရိက္ခာ ဆန်များ ကို တလတကြိမ်နှင့် ဆိုင်ကယ်ဖြင့်သော်လည်းကောင်း၊ ခြေလျှင်ဖြင့်သော်လည်းကောင်း ဝယ်ယူ ားသုံးနေကြရသည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။
“ဆောဖက်ကိုဆင်းရင်းနဲ့ လူငယ်ဖက်ကို မိသားစုအတွက် ဆန် (၁) အိတ်လောက် မိသားစု အတွက် ဝယ်ချင်တယ်လို့ အကြောင်းကြားပြီးမှပဲ ဝယ်ရတယ်။ (၂) အိတ်လောက်ပဲအများကြီးလဲ သယ်လို့ မရဘူး။ဆေးဝါးတွေလည်းပဲ မရှိ သလောက်ဖြစ်တယ်။ သက်ကြီးရွယ်အိုတွေအတွက်ဆိုရင် မြို့ထဲကနေတဲ့ ပြည်သူတွေက နီးစပ်ရာဆွေမျိုးတွေကပဲ ဝယ်ခြမ်းပေးတာ၊ကူညီပေးရတာ။မြို့ထဲမှာ နေတဲ့သူတွေက နေနိုင်လို့မဟုတ်ပဲနဲ့ တခြားနေရာမှာ ပြောင်းဖို့ရွေ့ဖို့ ဆိုရင်လည်း မလွယ်ဘူး။ ငွေကြေးက မတတ်နိုင်ကြလို့ပါ” ဟု ဒေသခံကပြောသည်။
ထို့အပြင် ကန်ပက်လက်မြို့တွင်း သောက်သုံးရေ ပိုက်လိုင်းများပြတ်တောက်နေဆဲဖြစ်သောကြောင့် ပြည်သူများ သောက်သုံးရေများ ရရှိရန်ခက်ခဲခြင်း၊ အရေးပေါ်ကျန်းမာရေး ကြုံရချိန်တွင်ဆေးရုံ၊ဆေးပေးခန်းများ ဖွင့်လှစ်ထားခြင်း မရှိသောကြောင့် ဆေးကုသရန် ခက်ခဲခြင်းများ ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း သိရသည်။
လူဦးရေ (၁) သောင်းနီးပါးနေထိုင်ကြသည့် ကန်ပက်လက်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-ကန်ပက်လက်တို့ မြို့တွင်းတိုက်ပွဲမကြာခဏဖြစ်ပွားမူကြောင့် ပြည်သူအများစုသည် ကန်ပက်လက်မြို့ နယ်တွင်ရှိသောကျေးရွာများ၊ ဥယျာဉ်ခြံနှင့် မကွေးတိုင်း ဆောမြို့အပါအဝင် ရန်ကုန်မြို့တို့တွင် စစ်ဘေးတိမ်းရှောင်ကြရဆဲဖြစ်သည်ဟု သိရသည်။