မာဂရက် – ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ရှိ စာသင်ကျောင်းနှင့် ရဲစခန်းတို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ ခန့်တပ်စွဲထားကြပြီး တိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်ကြသည့်အတွက် တစ်မြို့လုံးနီးပါးသည် ထွက်ပြေးတိမ်းရှောင်နေကြရဆဲဟု သိရသည်။
ကန်ပက်လက်မြို့တွင် မေလ ၁၃ ရက်နေ့ညက အာဏာသိမ်းစစ်ကောင်စီနှင့် ကန်ပက်လက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲဆက်လက်ဖြစ်ပွားမှုမရှိတော့သော်လည်း စစ်ကောင်စီသည် ရဟတ်ယာဉ် ဖြင့် စစ်အင်အား တိုးချဲ့ကာ ကန်ပက်လက်မြို့တွင် မေလ ၁၆ ရက်နေ့ကစ၍ တပ်စွဲလာခဲ့ခြင်းဖြစ်သည်။
“အပစ်အခတ်တွေကြောင့် တောဖက်၊ ရွာဖက်ထွက်ပြေးတိမ်းရှောင်နေကြတယ်၊ ဒီနေ့မနက်ကနေ နည်းနည်းပါးပါးပြန်တက်လာကြပြီး မြို့ထဲမှာ အသွားအလာတော့နည်းနည်းရှိလာတယ်၊ အရင်ကလိုကြီးတော့ မဟုတ်သေးဘူး၊ ဆိုင်ကယ်သံလေးတွေတော့ နည်းနည်းပြန်ကြားရပြီ၊ နေအိ မ်ကိုပြန်လာကြည့်တဲ့သဘော လောက်ပဲရှိတယ်၊ ခနတဖြုတ် အိမ်ကိုပြန်လာကြည့်ပြီး စားနပ်ရိက္ခာ လာပြန်ယူတာလောက်ပဲရှိတယ်’’ ဟု ကန်ပက်လက်မြို့ခံတစ်ဦးကပြောသည်။
မေလ ၁၇ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီနှင့် ကန်ပက်လက်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူများ၊ ကန်ပက်လက်မြို့မိမြို့ဖများတွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟုလည်း သိရသည်။
ယင်းဆွေးနွေးပွဲတွင် စစ်ကောင်စီအနေဖြင့် ပြည်သူများမြို့ပေါ်တွင်သွားလာသောအချိန်တွင် စစ်ဆေးမေးမြန်းခြင်း၊ ဖမ်းဆီးခြင်းများမပြုလုပ်ရန်၊ CDM တွင်ပါဝင်သူများကိုလည်း အိမ်တိုင်ရာရောက်သွား ရောက်ဖမ်းဆီးခြင်း၊ အနှောက်အ ယှက်ပေးခြင်းမပြုလုပ်ရန် နှင့် မြို့ပေါ်တွင် လက်နက်ကို်င်ဆောင်ပြီး သွားလာခြင်းမျိုးမလုပ်ရန် ကန်ပက်လက်ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတောင်းဆိုခဲ့ကြပြီး၊ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဖက်မှလည်း ကန်ပလက်မြို့ပေါ်တွင် တပ်စွဲခွင့်ပြုရန်နှင့် ရေများပြည်လည် လွတ်ပေးရန်တောင်းဆိုကာ သဘောတူညီမှုရရှိခဲ့ကြ သည်ဟု ကန်ပက်လက်မြို့ခံကပြောသည်။
“လက်ရှိအခြေအနေမှာတော့ အဆင်ပြေတယ်၊ ငြိမ်နေတယ်လို့ပြောရမလား ရင်တထိတ်ထိတ်နဲ့ပေါ့ မဖောက်လာဖို့ လိုတယ်” ဟု ကန်ပက်လက်မြို့ခံကပြောသည်။