စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ ကုက္ကိုလ်ကျေးရွာက စစ်ရှောင်စခန်းကို စစ်ကောင်စီက ယနေ့ (ဇန်နဝါရီ ၃၁) ရက် ညနေပိုင်းက လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သား ၉ ဦးထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ကလေးတောင်ပိုင်း၊ တော်လှန်ရေးအင်အားစုများ စိုးမိုးနယ်မြေဖြစ်သော ကုက္ကိုလ်ရွာ စစ်ဘေးရှောင်စခန်းကို မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ ညနေ ၅ နာရီခွဲဝန်းကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“လောလောဆယ်သေဆုံးတာကတော့ ကျနော်တို့ကြားတာ ၉ ဦးထက်မနည်းလို့သိရတယ် အဲဒီထက်လည်း ပိုများ နိုင်ပါတယ်” ဟု ယင်းအခြေအနေကို သိရှိထားသူ ကလေးဒေသခံတစ်ဦးကပြောသည်။
အဆိုပါ လေကြောင်းတိုက်ိခုက်မှုကြောင့် သေဆုံးသူများမှာ အရပ်သားပြည်သူ စစ်ဘေးရှောင်များဖြစ်ကြပြီး ထိခိုက်သေဆုံးမှုအခြေအနေမှာ ပိုတိုးလာနိုင်သည်ဟု သိရသည်။
မြေပြင်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ဘေးရှောင်များ ခိုလှုံနေသည့်နေရာကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားခြင်းဖြစ်သည်ဟု သိရသည်။