ကလေးမြို့နယ်တောင်ပိုင်း ဟံသာဝတီကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧပြီလ ၂၆ ရက်နေ့ မနက် ၁၀ နာရီခန့်က လည်ခြားရွာနှင့် ကုက္ကိုလ်ကျေးရွာတို့ကို နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသောကြောင့် ကျေးရွာပြည်သူ ထောင်ချီ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ကုက္ကိုလ်ကျေးရွာမှ ဒေသခံတစ်ဦးထံမှ သိရသည်။
“ကလေးမြို့တောင်ပိုင်း လည်ခြား၊ ကုက္ကိုလ်ရွာကို စစ်ကောင်စီကနေပြီးမှ ဟံသာဝတီဖက်ကနေ လှမ်းထုတယ်။ ကျွန်တော်တို့ပြည်သူတွေအကုန်လုံးထွက်ပြေးနေရတယ်။ ဒီနေ့မှာ သူတို့ တိုက်ပွဲမရှိဘဲနဲ့ရွာထဲတွေကို လှမ်းထုနေတာဗျ။ ညကို ဝေဟင်ကနေလည်း ကျဲမယ်လို့လည်း သတင်းတွေလွင့်နေတယ်” ဟု ကုက္ကိုလ်ကျေးရွာ ဒေသခံက ပြောသည်။
အဆိုပါ စစ်ကောင်စီ၏ လက်နက်ကြီးများသည် ပြည်သူနေအိမ်များအပေါ် ပေါက်ကွဲမှုမရှိသော်လည်း လမ်းမပေါ်နှင့် ကျေးရွာအတွင်းလက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။
လက်ရှိတွင် လည်ခြားကျေးရွာနှင့် ကုက္ကိုလ်ကျေးရွာတို့တွင် ပြည်သူ နှစ်ထောင်ကျော်တို့မှာ တောထဲ၊ တောင်ထဲတို့တွင် ထပ်မံ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်သည့်အပြင် ယခင်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့က ကုက္ကိုလ်ကျေးရွာမှ အိမ်ခြေပေါင်း ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်သည်။
လည်ခြားကျေးရွာနှင့် ကုက္ကိုလ်ကျေးရွာတို့သည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းနယ်စပ်တို့တွင်ရှိသည့် ကျေးရွာတို့ဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့များက ၁၂၀ မမ လက်နက်ကြီးဖြင့် ရမ်းသမ်းခတ်နေသောကြောင့် ကလေး-ဂန့်ဂေါ လမ်းပိုင်းအား မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ယာယီပိတ်ထားကာ ကလေးမြို့တောင်ပိုင်းတွင် ကားများ ဖြတ်သန်းသွားလာခွင့် လက်ရှိအခြေအနေအရ လုံးဝပိတ်ထားကာ အသိပေးချက်များ မလိုက်နာပဲ ဖြတ်သန်းသွားလာရင်း တစုံတခုဖြစ်ပါက တာဝန်ယူမည်မဟုတ်ကြောင်း ပြည်သူများ လိုက်နာပေးကြရန် မေတ္တာရပ်ခံထားကြောင်း ထုတ်ပြန်ထားသည်။