(04SS)
ကလေးမြို့နယ်တောင်ပိုင်း သာစည်ရွာအနီးတွင် ယနေ့မနက်ပိုင်း၌ စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်ရာမှာ အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒါဏ်ရာရရှိကြောင်း သိရသည်။
ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်း ၉ နာရီကျော်ခန့်တွင် ကလေးမြို့တောင်ဘက်သို့ အင်အား ရာချီဖြင့် ပျူစောထီးအဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့များသည် ခြေလျင်ဖြင့် စစ်ကြောင်းထိုးရာမှာ ဒေသကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် CDF-KKG ထံမှ သိရသည်။
ထို့သို့ နှစ်ဘက် ထိတွေ့မှုအပြီးတွင် ကာကွယ်ရေးတပ်ဖွဲ့များရှိမည်ဟု ယူဆသည့် နေရာတစ်လျှောက်အား စစ်ကောင်စီတပ်ဘက်မှ စစ်ရဟတ်ယာဉ် MI 35 ဖြင့် ၁ နာရီခန့် ပစ်ခတ်ခဲ့ကြောင်း သိရပြီး လက်နက်ကြီး ထိမှန်မှုကြောင့် အရပ်သားပြည်သူတစ်ဦး ဘယ်ဖက်လက် ထိခိုက်ကာ ဒါဏ်ရာပြင်းထန်ကြောင်း သိရသည်။
ယနေ့တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ပျူစောထီးအပါအဝင် ၃ ဦးခန့် သေဆုံးခဲ့သည်ဟု သိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
တိုက်ပွဲတွင် ကလေး ပကဖ၊ Kalay-PDF ၊ UG နှင့် CDF-KKG စသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပါဝင်ပြီး အထိအခိုက်မရှိ ပြန်လည်ထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် သာစည်ရွာနှင့် အနီးတဝိုက်ရှိ အိမ်စောင့်မှအပ ဒေသခံပြည်သူများအားလုံး ဘေးကင်းလုံခြုံသည့် နေရာသို့ စစ်ဘေးတိမ်ရှောင်နေကြရကြောင်း သိရသည်။
ဩဂုတ်လ ၁၂ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် မြို့လှ၊ အင်ဒိုင်းကုန်းနှင့် စကန့်ရွာမှ ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြရပြီး တိုက်ပွဲဖြစ်ပွားမှု မရှိတော့သောကြောင့် နေရပ်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။