စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း စစ်ဘေးဒဏ်ခံနေရသော စစ်ဘေးရှောင်ပြည်သူများအတွက် ရန်ပုံငွေရှာဖွေသည့်အနေဖြင့် အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ယနေ့ ဇူလိုင် ၃၀ ရက်နေ့တွင် “Mobile Charity Concert” ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
ယင်းရန်ပုံငွေဂီတပွဲအစီစဉ်ကို အိုင်ဇောလ်မြို့အခြေစိုက် မီဇိုးကျောင်းသားသမဂ္ဂအဖွဲ့၊ NGO united for democratic Myanmar အဖွဲ့များနှင့် တေးဂီတအဆိုတော်များဖြင့်ဖွဲ့စည်းထားကြသော MZI, MDM, PUMP တို့မှ ဦးဆောင်ကျင်းပခြင်းဖြစ်သည်။
ယနေ့ ဂီတရန်ပုံငွေဖျော်ဖြေပွဲကို အိုင်ဇောလ်မြို့၏ အချက်အချာကျသော လမ်းဆုံများဖြစ်သည့် Thakthin, Sikulpuikawn, Khatla နဲ့ Tennis court စသည့်နေရာများတွင် မီဇိုရမ်ပြည်နယ်အတွင်းရှိ နာမည်ကြီးအဆိုတော်များမှ သီဆိုဖျော်ဖြေကာ စစ်ဘေးရှောင်များကူညီနိုင်ရန် အလှူငွေပုံများထားရှိကာ အလှူခံခဲ့ကြသည်ဟု သိရသည်။
ကလေးဒေသ စစ်ဘေးရှောင်ပြည်သူများအတွက် အလှူငွေရှာဖွေရေး တေးဂီတဖျော်ဖြေမှုအစီစဉ်ကို လာမည့် သြဂုတ်လ ၆ ရက်နှင့် ၁၅ ရက်နေ့တို့တွင်လည်း ထပ်မံပြုလုပ်ကြမည်ဟု သိရသည်။