(01RB)
ကလေးမြို့နယ် မြောက်ပိုင်း ရှုခင်းသာကျေးရွာ (Phulmawi khua) စာသင်ကျောင်းကို စစ်ကောင်စီက ယနေ့ ဇွန်လ ၅ ရက် မနက် ၁၀ နာရီခွဲလောက်မှာ တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ရှုခင်းသာကျေးရွာစာသင်ကျောင်းတွင် ကျေးရွာလူကြီးများ အစည်းအဝေးကျင်းပစဉ်မှာ စစ်ကောင်စီက စစ်သုံးရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်သည်ဟု CNO Upper Chindwin Region ကထုတ်ပြန်သည်။
ထို့အပြင် ယနေ့မနက်ပိုင်း ၁၁ နာရီကျော်ခန့်မှာလည်း ကလေးမြို့မြောက်ဘက် လက်ပံချောင်းရွာထဲသို့ လက်နက်ကြီးဖြင့် တစ်ကြိမ်ပစ်ခတ်ကာ ရွာသားများ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း CNO-UCR က ဆိုသည်။
ရှုခင်းသာကျေးရွာသည် ကလေးမြို့မှ ၁၈ မိုင်ခန့်ကွာဝေးပြီး ရာဇဂြိုလ်ဆည်အနီးတွင်တည်ရှိသော ချင်းလူမျိုးများနေထိုင်သည့် ကျေးရွာဖြစ်သည်။