(003PT)
ချင်းပြည်နယ် ဖလမ်းမြို့နှင့် ကလေးမြို့ ကြားဆက်သွယ်သော ကားလမ်းမကြီးအား ပြည်သူများအနေဖြင့် အသုံးပြုသွားလာခြင်းမပြုလုပ်ရန် ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ တွင် CNO/CNDF က အသိပေး ထုတ်ပြန်လိုက်သည်။
ကလေး-ဖလမ်းကားမပေါ်တွင်တည်ရှိသော ထင်းရှုးစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ယနေ့မနက် ပိုင်းတွင် စခန်းကိုစွန့်ခွာထွက်ပြေးကြသောကြောင့် ခရီးသွားပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုလာနိုင်သည့်အတွက် ယခုကဲ့သို့အသိပေးထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု CNO/CNDF ကဆိုသည်။
“သူတို့ ပြေးထားတယ်ဆိုတော့ ပြည်သူကို ဒိုင်းကာအဖြစ်သုံးပြီးတော့ သူတို့လွတ်လမ်းကို သူတို့ရှာနိုင်တဲ့အခါကျတော့လေ၊ အဲ့ဒီ တောင်ကြောတစ်လျှောက်မှာလမ်းသွားလမ်းလာတွေ၊ တောင်ယာသွားတဲ့သူတွေ ရှောင်ထားတာ အကောင်းဆုံး ဖြစ်မယ်လို့ ကျွန်တော်ထင်တယ်” ဟု CNO/CNDF ၏ ကာကွယ်ရေး အတွင်းရေးမှူး ကို Moses က ပြောသည်။
CNDF တပ်ဖွဲ့များအနေဖြင့် ယင်း ထင်းရှုးစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရန် စီစဥ်နေ ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့များက စခန်းကိုစွန့်ခွာထွက်ပြေးခဲ့ကြခြင်းဖြစ်သည်ဟု CNO/CNDF ကာကွယ်ရေး အတွင်းရေးမှုးက ပြောသည်။
“ကျွန်တော်တို့ ဒီမနက် ချဥ်းကပ်သွားတော့ သူတို့ အကုန်လုံးစွန့်ခွာသွားကြတာ။ သူတို့စခန်းမှာ ဘာကိုဘာမှ မထားခဲ့ဘူး ဒီတိုင်း ရိက္ခာ ဆန်တော့နည်းနည်းထားခဲ့တာတော့ရှိတယ်။ သူတို့ တောကိုရှောင်တာဆိုတော့ ကျွန်တော်တို့က မရရ အောင်လိုက်မှာ။ သူတို့ ဖလမ်းမြို့ကို မဝင်သေးသရွေ့တော့ ကျွန်တော်တို့ တိုက်ပွဲကတော့ ထပ်ပြီးတော့ ပြင်းထန်နိုင် ချေရှိတယ်။” ဟု ကို Moses က ပြောသည်။
လွန်ခဲ့သည့် သုံးရက်နေ့က ယင်းထင်းရှုးစခန်းကို သိမ်းပိုက်ရန် စခန်းကိုဝိုင်းထားနေချိန်မှာ စစ်ကောင်စီဖက်မှ ထောင်ထားသည့် နင်းမိုင်း နင်းမိတာကြောင့် CNDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ယခုအခြေအနေကြောင့် ဖလမ်း-ကလေးကားလမ်းမကြီးအား ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ တစုံတရာအသိပေးထုတ်ပြန်ခြင်း မလုပ်မချင်း ပြည်သူများအနေဖြင့် အသုံးမပြုကြရန် CNO/CNDF က ပြောဆိုသည်။