စစ်ကိုင်းတိုင်း ကလေးမြို့နှင့် တီးတိန်မြို့နယ် သိုင်းငင်ကျေးရွာကြားတွင် စစ်ကောင်စီတပ်ဖွဲ့က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော အရပ်သားပြည်သူအယောက် ၄၀ ကျော်သည် ဧပြီလ ၂၅ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့ကြသည်ဟု သိရသည်။
ဧပြီလ ၁၈ ရက်နေ့က စစ်ကား ၄ စီးဖြင့် ကလေးမြို့မှ ချင်းပြည်နယ် တီးတိန်မြို့ဖက်သို့တက်သွားသော စစ်ကောင်စီတပ်ဖွဲ့သည် လမ်းခရီးတစ်လျှောက်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDM Siyin ၏ တိုက်ခိုက်မှုကြောင့် တီးတိန်မြို့သို့ မရောက်ရှိနိုင်ပဲ ကနေဒီတောင်ခြေမှ ပြန်လှည့်လာခဲ့ရသည်။
ထိုကဲ့သို့ပြန်လှည့်လာသည့်အချိန်တွင် ကလေး-သိုင်းငင်ကြား ဟိန်ဇိန်ကျေးရွာမှာ တီးတိန်မြို့နှင့် ရိခေါဒါရ်မြို့ဘက်သို့ သွားရောက်မည့် ခရီးသည်ကားပေါ်က အရပ်သားပြည်သူအယောက် ၄၀ ကျော်ကို ဧပြီလ ၂၂ ရက်နေ့က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးပြီး ကလေးမြို့ဖက်သို့ ၎င်းတို့နှင့်အတူ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု လူသားဒိုင်းကာအဖြစ် အဖမ်းခံရပြီး ပြန်လွတ်လာသူတစ်ဦးက ပြောသည်။
“ဟိန်ဇိန်ရွာမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ဆုံတော့ ကျနော်တို့ ခရီးသည်အားလုံးကို ဖမ်းတယ် ကျနော်လည်း ပါသွားတယ် သက်ကြီးရွယ်အိုပိုင်းကိုတော့ ချန်ထားခဲ့ပြီးတော့ အားလုံးကို လူသားဒိုင်းကာအဖြစ် ခေါ်သွားတာ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားသော ခရီးသည်များထဲတွင် မွေးကင်းစ ကလေးနှင့် မိခင်အပါအဝင် စုစုပေါင်းအရပ်သားပြည်သူအယောက် ၄၀ ကျော်ပါဝင်ကာ ဟိန်ဇိန်ကျေးရွာမှ ကလေးမြို့အထိ ခြေလျင်ဖြင့်သာ ဖြည်းဖြည်း ခြင်းလာခဲ့ရပြီး ဧပြီလ ၂၅ ရက် လေးရက်မြောက်နေ့တွင် ကလေးမြို့သို့ရောက်ရှိ နိုင်ခဲ့ကြသည်ဟု သူကဆိုသည်။
ဧပြီလ ၂၅ ရက်နေ့တွင် ကလေးမြို့သို့ ရောက်ရှိကြပြီးနောက် စစ်ကောင်စီက ၎င်းတို့အားလုံးကိုပြန်လွှတ်ပေးလိုက်ပြီး သိမ်းဆည်းသွားသော လက်ကိုင်ဖုန်းများကိုမူ နောက်တစ်နေ့တွင် ပြပြရွေးခိုင်းခဲ့သည်ဟု သိရသည်။
ဟိန်ဇိန်-ကလေးကြား လမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်များက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားသူများထဲမှ အမျိုးသားများကို ရှေ့တန်းမှ ချီတက်ခိုင်းသောကြောင့် ဒါဏ်ရာရသူများရှိပြီး လမ်းတစ်လျှောက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်ဖက်က သေဆုံးရုပ်အလောင်းများ သယ်ခိုင်းခဲ့သည်ဟုလည်း သိရသည်။