(006SV)
ချင်းပြည်နယ်၊ ချင်းလုံ (Chinlung) မြို့တွင် ပထမအကြိမ် ချင်းပြည်ကောင်စီအစည်းအဝေးကို ယနေ့ ကျင်းပခဲ့ပြီး ချင်းပြည်ကောင်စီလုပ်ငန်း ယန္တရားနှင့် မဏ္ဍိုင်သုံးရပ် ဖွဲ့စည်းနိုင်ရေးအတွက် လုပ်ငန်စဉ်များနှင့် လုပ်ငန်းလမ်းညွှန်ချက်များကို ရေးဆွဲချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ ဒီဇင်ဘာလ ၁၁ ရက်တွင် ပထမအကြိမ် ချင်းပြည်ကောင်စီ ညီလာခံသက်တမ်း၏ ပထမအကြိမ် ချင်းပြည်ကောင်စီ အစည်းအဝေးကို ချင်းလုံမြို့တွင် ကျင်းခဲ့ရာ ကောင်စီဝင် ၈၃ ဦး ပါဝင်တက်ရောက်ခဲ့သည်ဟု ချင်းလဲန်းကောင်စီက သတင်းထုတ်ပြန်သည်။
ယင်းအစည်းအဝေးတွင် ချင်းပြည်ကောင်စီ လုပ်ငန်းယန္တရားများ လည်ပတ်နိုင်ရေး၊ ချင်းပြည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီးရင်ရေးမဏ္ဍိုင် သုံးရပ် ဖွဲ့စည်းနိုင်ရေးအတွက် လုပ်ငန်းစဉ်များနှင့် လုပ်ငန်းလမ်းညွှန်များကို ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ရေးဆွဲချမှတ်ခဲ့သည်ဟု သိရသည်။
“ဦးတည်ချက်က စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖြုတ်ချရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောင်ရေးဆိုတဲ့ အဲဒါတွေ ကို ဟန်ချက်ညီညီ တည်ဆောက်နိုင်ဖို့က စစ်ရေးနဲ့ နိုင်ငံရေးကို ဟန်ချက်ညီဖို့ ဖြစ်တယ်။ နိုင်ငံရေးနဲ့ စစ်ရေး အားကောင်းဖို့ ၊ ချင်းပြည်ကို စုစုစည်းစည်းနဲ့ သွားနိုင်ဖို့ အဓိက ရည်ရွယ်ခြင်းဖြစ်တယ်။ အဲဒီမှာ ချင်းလဲန်းကောင်စီကနေ တစ်ဆင့် အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအထိ ကျနော်တို့ လိုချင်တဲ့ ပက်ကားအစိုးရ ဖြစ်လာတဲ့အထိ တည်ဆောက်သွားဖို့ ဖြစ်ပါတယ်” ချင်းပြည်ကောင်စီ တွဲဖက်အတွင်းရေးမှူး (၁) ဆလိုင်းထက်နီက ခိုနူမ်းသုန်နှင့် ယမန်နေ့က သီးသန့်အင်တာဗျူးတွင် ဖြေကြားထားသည်။
ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ချင်းပြည် တည်ဆောက်ရေးလုပ်ငန်းများ ဖော်ဆောင်ရာတွင် တော်လှန်ရေးအပြီးသတ် အောင်နိုင်ရေးအတွက် ချင်းပြည်ကောင်စီနှင့်အတူ ပြည်တွင်း/ပြည်ပရှိ ချင်းတစ်မျိုးသားလုံး လက်တွဲပူးပေါင်းပါဝင်ရန်လည်း ချင်းပြည်ကောင်စီက တိုက်တွန်းထားသည်။
စစ်ရေးနှင့် နိုင်ရေးကို ဟန်ချက်ညီညီ ဖော်ဆောင်ရာတွင် ညီနောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ အစိုးရများ၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ချင်းပြည်ကောင်စီက လက်တွဲဆောင်ရွက်သွားမည်ဟု ထုတ်ပြန်သည်။