လာမယ့် သြဂုတ်လထဲမှာ ကျင်းပပြုလုပ်ဖို့ စစ်ကောင်စီကစီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် ချင်းပြည်နယ်က မြို့နယ်တချို့မှာ လူဦးရေသန်းခေါင်စာရင်းနဲ့ အိမ်ထောင်စုစာရင်းတွေကို တစ်အိမ်တက်ဆင်း လိုက်လံကောက်ခံမှုတွေရှိနေတယ်လို့ သိရပါတယ်။
ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမြို့မှာတော့ ဇန်နဝါရီလ ၁၃ ရက်နေ့က ရဲ၊ စစ်သားနဲ့ Non-CDM ဝန်ထမ်းတွေက သန်းခေါင်းစာရင်းတွေလိုက်လံကောက်ခံနေတယ်လို့ ဟားခါးမြို့က ဒေသခံတစ်ဦးက ပြောပါတယ်။
“မြို့သစ်ရပ်ကွက်မှာတော့နှစ်ရက်သုံးရက်လောက်ရှိပြီကောက်နေပြီ၊ Non- CDMတွေ၊ ရဲ တွေ၊ စစ်သားတွေ ပါတယ်။ အဓိကတော့သူတို့ကောက်တဲ့အချိန်မှာ Non- CDM တွေကပဲကောက်ပြီးတော့ သူတို့က အနီး အနားမှာ လက်နက်တွေနဲ့ ကင်းစောင့်ပေးတာမျိုး၊ သူတို့သန်းခေါင်စာရင်းလိုက်ကောက်နေတယ်ဆို တော့ သူတို့လိုက်ကောက်တဲ့အတိုင်းပါပဲ ကျွန်တော်တို့မဲမထည့်ရင်တောင်မှ သူတို့မဲရေတွက်မှာပဲယူဆမိတယ်။ လုံးဝတရားမျှတမှုရှိမှာတော့မဟုတ်ဘူးသေချာတယ်။” ဟု ပြောပါတယ်။
ဖလမ်းမြို့မှာလည်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ထွေအုပ်ဝန်ထမ်းတွေက သန်းခေါင်စာရင်းတွေကို တစ်အိမ်တက်ဆင် း လိုက်လံကောက်ခံနေပြီး ရွေးကောက်ပွဲနဲ့ပတ်သက်လို့ သူ့အမြင်ကို ဖလမ်းဒေသခံတစ်ဦးက ခုလိုပြောဆိုပါတယ်။
“အိမ်တိုင်ရာရောက် လူဘယ်နှစ်ရောက်ရှိလဲ၊ အိမ်ထောင်စုစာရင်းနဲ့သူတို့က မြေပြင်စာရင်းကောက်တယ် ထည့်စရာမှမလိုတာ မထည့်ချင်ရင်မထည့်လို့ရတာပဲဆိုပြီး ကြည့်နေကြတာပဲ၊ ဆန္ဒမဲဆိုတာ ဆန္ဒမရှိရင် မထည့်ဘူးပေါ့ ကိုယ့်ရဲ့ရွေးချယ်ခွင့်ပဲ။ မဲကောက်လို့ ထည့်ကိုထည့်ရမယ်ဆိုတာမရှိတာ။” ဟု ပြောပါတယ်။
အလားတူ မတူပီမြို့မှာလည်း စစ်ကောင်စီတပ်ဖွဲ့က အိမ်ထောင်စုစာရင်း စစ်ဆေးတာအပြင် လူဦးရေစာရင်း ကောက်ခံမှုတွေရှိနေတယ်လို့ သိရပါတယ်။
ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကတော့ စစ်ကောင်စီက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲအပေါ် ဆန့်ကျင်ကန့်ကွက်ထားပြီး စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်သူမှန်သမျှကို ပြင်းထန်စွာ အရေးယူမယ်လို့ ကြေညာထားကြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့ကလည်း ဟားခါးမြို့ပေါ်မှာ သန်းခေါင်စာရင်းကောက်ခံနေတဲ့ ရဲတပ်ဖွဲ့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ရဲတပ်သားတစ်ဦးသေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တာကြောင့် ဟားခါးမြို့မှာတော့ လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲအတွက်ရည်ရွယ်ပြီး သန်းခေါင်စာရင်းကောက်ခံမှုကို ဇန်နဝါရီလ ၉ ရက်နေ့ကနေ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ကောက်ယူသွားမယ်လို့သိရပါတယ်။