(002MG)
ချင်းပြည်နယ် ဟားခါးမြို့ မြို့သစ်ရပ်ကွက်အတွင်း ဈေးဆိုင်များပိတ်ထားရန်နှင့် လူ ၅ ဦးထက်ပိုမစုရအမိန့် ထုတ်ပြန်မှုကို ချင်းရိုးရာအတိုင်း လာရောက်တောင်းပန်မှသာ ပြန်လည်ရုပ်သိမ်းပေးမည်ဟု စစ်ကောင်စီကပြောဆိုထားကြောင်း သိရသည်။
ပြီးခဲ့သည့်ဧပြီလ ၁၂ ရက်နေ့က ဟားခါးမြို့ပေါ်တွင် စစ်ကောင်စီခန့်ဝန်ကြီးများ စီးနင်းလိုက်ပါလာသော ယာဉ်တန်းကို CDF-Hakha တပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာမှာ ဈေးဆိုင်နှင့် ဘုရားကျောင်းများကို အကာအကွယ်ယူခဲ့သည်ဟုဆိုပြီး မြို့သစ်ရပ်ကွက်က ဈေးဆိုင်းများပိတ်ထားရန်နှင့် လူ ၅ ဦးထက်ပိုမစုရအမိန့်ကို ဧပြီလ ၂၂ ရက်နေ့ မှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“ဆိုင်တွေ၊ ဘုရားကျောင်း အစုအဝေးမလုပ်ရဆိုတဲ့ကိစ္စတွေကို အနောက်မြောက်ပိုင်းတိုင်းက ထုတ်ထားတာဆိုတော့ လွယ်လွယ်လေးနဲ့မရဘူး၊ ချင်းရိုးရာအတိုင်းတောင်းပန်ပါ ဒါမှ ပြဌာန်းထားတဲ့အရာကို ပြန်ပြီးတော့ ရုပ်သိမ်းပေးမယ်လို့ ပြောတယ်၊ ဒါပေမယ့် လက်နက်ကိုင် ၂ ဖက်ကြားမှာ လုပ်ရမယ့်ဟာဆိုတော့ မဖြစ်နိုင်ဘူး အဲဒါကြောင့် ဒီအတိုင်းပဲ ငြိမ်နေတယ်၊ အခုက ဒီလ (ဇွန်လ) ထဲရှိပြီဆိုတော့ သူတို့ထပ်တိုးမလား ဘယ်လိုလုပ်မလဲ စောင့်ကြည့်နေတုန်းပါ” ဟု မြို့သစ်ရပ်ကွက်နေပြည်သူတဦးက ပြောသည်။
ဟားခါးမြို့မိမြို့ဖနှင့် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များအနေဖြင့် ချင်းရိုးရာ ဓလေ့ထုံးတမ်းစဉ်လာအတိုင်း တိရိစ္ဆာန်တကောင်၏ သွေးသွန်ခြင်းဖြင့် လာရောက်တောင်းပန်မှသာ ယင်းအမိန့်အား ပြန်ရုပ်သိမ်းမည်ဟု စစ်ကောင်စီက ပြောဆိုခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း စစ်ကောင်စီကို ချင်းရိုးရာအတိုင်း သွားရောက်တောင်းပန်ခြင်းမရှိကြကြောင်း သိရသည်။
ဧပြီလ ၂၂ ရ က်မှ ဇွန်လ ၂၀ ရက်နေ့အထိ အကျုံးဝင်သော စစ်ကောင်စီ၏ အမိန့်ထုတ်ပြန်ချက်ကြောင့် မြို့သစ်ရပ်ကွက်အတွင်းရှိ ပြည်သူများသည် နှစ်လနီးပါးခန့် ဆိုင်ခန်းများပိတ်ထားရသည့်အပြင် ဘုရားကျောင်းလည်း မတက်ရောက်နိုင်ဘဲ အခက်အခဲနှင့် ရင်ဆိုင်ခဲ့ကြရသည်။
စစ်ကောင်စီ၏ အဆိုပါအမိန့်ထုတ်ပြန်ချက်ကြောင့် မြို့သစ်ရပ်ကွက်အတွင်းရှိ ခရစ်ယာန်ဘာသာဝင်အသင်းတော် (၁၁) ခုက အပတ်စဉ်ဝတ်ပြုစည်းဝေးပြုလုပ်ရန် အခက်အခဲကြုံနေကြရသည်ဟု သိရသည်။