(006SV)
ချင်း၊ စစ်ကိုင်းနှင့် ရခိုင်အပါအဝင် မြန်မာနိုင်ငံတဝန်းမှာ ဇူလိုင်လ ပထမပတ် ၁၀ ရက်အတွင်း နေရာအနှံ့အပြားမှာ မိုးရွာသွန်းမှု များပြားနိုင်ပြီး မြေပြိုကမ်းပြိုခြင်းများကို သတိပြုရန် NUG အစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ယနေ့ ဇူလိုင်လ ၂ ရက် နိုင်ငံတကာ မိုးလေဝသဌာနများ၏ မိုးရေချိန် ခန့်မှန်းချက်များအရ ဇူလိုင်လ ပထမ ၁၀ ရက်တာအတွက် NUG အစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။
ဇူလိုင်လ ၂ ရက်မှ ၄ ရက်အတွင်း ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် နေရာအနှံ့အပြားနှင့် စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းရှိ နေရာအချို့မှာ မိုးများနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။
ဇူလိုင်လ ၄ ရက်တွင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ နေရာအချို့တွင် တနေ့တာအတွင်း မိုးရေချိန် စုစုပေါင်း ၂ လက်မမှ ၄ လက်မအထိ ရွာသွန်းနိုင်ကြောင်း သိရသည်။
ဇူလိုင်လ ၅ ရက်မှ ၈ ရက်အတွင်း ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ပြီး စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် မကွေးတိုင်းတို့ရှိ နေရာအချို့မှာ မိုးများနိုင်ကြောင်း သိရသည်။
ဇူလိုင်လ ၇ ရက်နှင့် ၈ ရက်တွင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ တနင်္သာရီတိုင်းတို့ရှိအချို့နေရာများတွင် တနေ့တာအတွင်း မိုးရေချိန်စုစုပေါင်း ၂ လက်မမှ ၄ လက်မခန့် အထိရွာသွန်းနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။
ဇူလိုင်လ ၉ ရက်နှင့် ၁၀ရက်တွင် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး အထူးသဖြင့် ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တနေ့တာအတွင်း မိုးရေချိန်စုစုပေါင်း ၂ လက်မခန့် ရွာသွန်းနိုင်ကြောင်းု သိရသည်။
ဇူလိုင်လပထမ (၁၀) ရက်မှာ မိုးရွာသွန်းမှု အခြေအနေ ခန့်မှန်းချက်တွေအရ မြန်မာနိုင်ငံ နေရာအနှံ့အပြား မိုးရွာသွန်းခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းတွေ ဖြစ်ပေါ်နိုင်သည့်အတွက် မိုးများခြင်းကြောင့် မြို့ပြရေကြီးခြင်းများ၊ မြေပြိုကမ်းပြိုခြင်းများ၊ လျှပ်တပျက်ရေကြီးခြင်း၊ ကားလမ်း ရထားလမ်းများ ရေကျော်ခြင်း၊ ရေကာတာနှင့် ဆည်များ ရေတိုးခြင်းနှင့် ရေပိုလွှဲမှ ရေထုတ်လွှတ်ရခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် မြေနိမ့်ဒေသတွေနှင့် မိုးတွင်းကာလတွင် ရေဝင်ရောက်လေ့ရှိသော နေရာဒေသတွေမှာ နေထိုင်သော ဒေသခံပြည်သူများသည် ရေကြီးရေလျှံမှုအန္တရာယ်ကို အထူးသတိပြု နေထိုင်ကြရန်နှင့် လိုအပ်ပါက အချိန်မီ ရှောင်ရှားနိုင်ရန် ကြိုတင်အသိပေးထုတ်ပြန်ပါကြောင်း သိရသည်။