(002MG)
ချင်းပြည်နယ်တွင် ခရစ်ယာန်ဘာသာဝင်များ၏ အထွဋ်အမြတ်ဖြစ်သည့် ခရစ္စမတ်ပွဲတော်ကို လက်ရှိ စစ်ရေး၊ နိုင်ငံရေး အခြေအနေများကြောင့် ယခုနှစ်တွင်လည်း စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းမရှိဘဲ အသင်းတော်လိုက် ဆုတောင်းဝတ်ပြုခြင်းအစီအစဉ်သာ ပြုလုပ်နိုင်မည်ဟု သိရသည်။
ဟားခါးမြို့နယ် ခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ တာဝန်ရှိသူတဦးက “ဒီနှစ်တော့ ခရစ္စမတ်လုပ်လို့တော့ရပါတယ်။ ဒါပေမယ့် ပျော်ပွဲရွှင်ပွဲလိုမျိုးတော့ မလုပ်ဖို့ နည်းနည်းသတိထားဖို့ လိုပါတယ်။ အခုကျွန်တော်တို့ အခြေအနေရပေါ့။ ပုံမှန် ဝတ်ပြုစည်းဝေး၊ ဆုတောင်းပွဲနဲ့ညစာစားပွဲလိုမျိုးတော့ လုပ်လို့ရပါတယ်။ ပထမတော့ ကိုဗစ်နိုင်တင်းကြောင့်နဲ့ ဒီနိုင်ငံရေး အခြေအနေကြောင့်ပေါ့။ အဲ့တာတွေကြည့်ပြီး ပျော်ပွဲရွှင်ပွဲလုပ်ဖို့ မသင့်တော်ဘူးဆိုပြီး မလုပ်တာဖြစ်တယ်” ဟု ပြောသည်။
ယေရူမွေးဖွားသော ဒီဇင်ဘာလ (၂၅) ရက်ကို ခရစ္စမတ်ပွဲတော်အဖြစ် ခရစ်ယာန်ဘာသာဝင် (၉၀) ရာခိုင်နှုန်းခန့် နေထိုင်ကြသည့် ချင်းပြည်နယ်တွင် နှစ်စဉ်နှစ်တိုင်း စည်းကားသိုက်မြိုက်စွာဖြင့် မြို့နယ်အသီးသီးတို့တွင် ကျင်းပလေ့ရှိသော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျင်းပနိုင်ခြင်းမရှိသည်မှာ (၃) နှစ် ရှိလာပြီဖြစ်သည်။
ဟားခါးမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မအမူတော်ဆောင်များအဖွဲ့ (HCMF) သည် နိုဝင်ဘာလ (၄) ရက်က အစည်းအဝေးကျင်းပပြီ ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော် (အသားပေါ်ပြီး အတူစားသောက်ပွဲလုပ်ခြင်း) မပြုလုပ်ရန်၊ ဘုရားကျောင်း၊ ရပ်ကွက်နှင့် ကိုယ်ပိုင်အနေဖြင့် အသားသတ်ကာ အတူစားသုံးခြင်းများနှင့် ဘုရားကျောင်း၊ အိမ်နှင့် လမ်းများတို့တွင် အလှဆင်ခြင်းများ မပြုလုပ်ရန် ထုတ်ပြန်ထားသည်။
ဘုရားကျောင်းတွင် ဝတ်ပြုကိုးကွယ်ခြင်း၊ ဆက်ကပ်ဆုတောင်းခြင်းနှင့် အိမ်တွင်းပိုင်းများကိုသာ အလှဆင်ကြရန် HCMF က တောင်းဆိုသည်။
လက်ရှိကြုံတွေ့နေရသည့် နိုင်ငံရေးနှင့် လုံခြုံရေးအခြေအနေများကြောင့် စည်းကားသိုက်မြိုက်စွာဖြင့် မကျင်းပနိုင်သော်လည်း ခရစ်ယာန်အသင်းဝင်များအနေဖြင့် ယုံကြည်ခြင်း ခိုင်မာနေရန်သာ အရေးကြီးကြောင်း အမည်မဖော်လိုသော ဟားခါးမြို့က ဓမ္မအမူတော်ဆောင် ပါစတာတဦးက ယခုလိုပြောသည်။
“ခရစ္စမတ်လုပ်တယ်ဆိုတာ အစားအသောက်က ဒုတိယအနေပေါ့။ ယုံကြည်ခြင်းနဲ့ ကျင့်သုံးခြင်းဆိုင်ရာ အစီအစဉ်မျိုးက နှစ်တိုင်းလုပ်ပါတယ်၊ အားရပါးရလုပ်ပါတယ်။ ပျှော်ရွှင်ခြင်း ပြင်ပပုံစံမျိုးကျတော့ အခြေအနေအမျိုးမျိုးကြောင့် မလုပ်တာပဲဖြစ်ပါတယ်။ ခရစ္စမတ်ရဲ့ အနှစ်သာရကို ကလေးကအစ လူကြီး အားလုံး စိတ်ထဲခံစားပြီးတော့ မှတ်ထားပြီးတော့ မမေ့ဖို့၊ ခရစ္စမတ်မလုပ်တဲ့အတွက်ကြောင့် ခရစ်ယာန်တွေအားလုံးကိုလည်း ယုံကြည်ခြင်းနဲ့ပက်သက်ပြီးတော့ စိတ်ဓာတ်မကျဖို့၊ အားမလျော့ဖို့ သန်သန်မာမာရပ်တည်ဖို့ပြောချင်ပါတယ်” ဟု ပြောသည်။
ချင်းပြည်နယ် မြို့တော်ဟားခါးမြို့တွင် ဘာသာရေးအသင်းတော်ပေါင်း (၅၀) ဝန်းကျင်ရှိသည်ဟု သိရသည်။