(06SV)
မကွေးတိုင်းနှင့် ချင်းပြည်အစပ် ဆောမြို့နယ်၊ ရင်းကဲရွာ၏ ရွာလုံးကျွတ်နီးပါးမီးရှို့ခံရမှု အခြေအနေကို သွားကြည့်သော ရင်ကဲရွာ ပြည်သူ ၂၀ ခန့်ကို စစ်ကောင်စီက ယနေ့ ဖမ်းဆီးသွားပြီး လောင်းရှည်မြို့စစ်စခန်းကို ခေါ်ဆောင်သွားသည်ဟု သိရသည်။
“ရင်းကဲရွာမီးရှို့ခံထားရတော့ သူတို့ အိမ်ပါ၊ မပါ သွားကြည့်တဲ့ အဖွဲ့တွေကို ဖမ်းသွားတယ်။ ခန့်မှန်းခြေ ၂၀ လောက် ရင်းကဲပြည်သူတွေ ပါသွားတယ်။ ဖမ်းခံရတဲ့ သူတွေကို စစ်တပ်က သူတို့အထိုင်ချထားတဲ့ လောင်းရှည်ကို ခေါ်သွားတယ်။ အခုက စစ်တပ်က ရင်းကဲရွာထဲမှာ ကင်းပုန်းဝပ်နေတယ်” ဟု ချင်းကာကွယ်ရေးတပ်- ကန်ပက်လက်၏ Khonu တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယနေ့ ဇူလိုင်လ ၁၅ ရက် မနက်၄ နာရီခန့်တွင် ပြည်သူကာကွယ်ရေးပူးပေါင်းတပ်များက စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ရာ နံနက် ၈ နာရီခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် ရင်းကဲရွာအနီးမှာ ကားများ ရပ်နားထားပြီး ဖြန့်ကျက်နေရာယူထားသည်ဟု သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၄ ရက်က ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ရိက္ခာနှင့် လက်နက်လာပို့သော စစ်ကောင်စီ စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
စစ်ကောင်စီက ထိခိုက်ကျဆုံးမှုများရှိ၍ ရင်းကဲရွာကို မီးလောင်ဗုံးဖြင့် ပစ်ခတ်ကာ ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့သောကြောင့် အိမ်ခြေ ၃၅၀ ခန့်ရှိသော ရွာမှာ အိမ်ခြေ ၃၀၀ ကျော် မီးလောင်ကျွမ်းခဲ့သည်ဟု သိရသည်။
“မနေ့က ၁၁ နာရီလောက်က တိုက်ပွဲဖြစ်တယ်။ စကစက လက်နက်ကြီးနဲ့ ထုတယ်၊ ကလေးတစ်ယောက် ဒဏ်ရာရတယ်၊၊ လက်နက်ကြီးနဲ့ ထုတော့ ရင်းကဲရွာ မီးလောင်တယ်။ နောက်ပိုင်းစကစက သူတို့ ကိုယ်တိုင်း သွားရှို့တာပါ။ မနေ့က မိုးချုပ်တဲ့အထိ တိုက်ပွဲတွေ ဖြစ်နေတယ်” ဟု ချင်းကာကွယ်ရေးတပ်- ကန်ပက်လက်၏ ခေါနုတပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
တိုက်ပွဲတွင် စစ်ကောင်စီ ကားတစ်စီးကို ဖျက်စီးနိုင်ခဲ့ပြီး စစ်ကောင်စီက ထိခိုက်ဒဏ်ရာ ရရှိသူများကို လောင်းရှည်မြို့တွင် ဆေးကုသပေးနေကာ ထိခိုက်သေဆုံးမှုကို မသိရသေးကြောင်း၊ ပြည်သူကာကွယ်ရေး ပူးပေါင်းတပ်က ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီစစ်ကြောင်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့များ၊ ယောနယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ပူးပေါင်း၍ တိုက်ခိုက်နေကြောင်း သိရသည်။
ကျင်ဒွေးမြို့ကို ဦးတည်နေသော စစ်ကောင်စီ စစ်ကြောင်းတွင် အင်အား ၃၀၀ ခန့်ပါပြီး တင့်ကား ၂ စီး၊ JCV ကားတစ်စီးနှင့် စစ်ကား ၂၀ ကျော် ပါဝင်သည်ဟု သိရသည်။
စစ်ကောင်စီသည် ကျောက်ထုအမြောက်တပ်မှ အင်အား ၂၀၀ ခန့်ရှိသော စစ်ကြောင်းနှင့် လောင်းရှည်မြို့မှ အင်အား ၃၀၀ ခန့်ရှိသော စစ်ကြောင်းတို့ဖြင့် စစ်ကြောင်း ၂ ကြောင်းခွဲကာ စစ်ကြောင်းထိုးလာမှုနှင့်အတူ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နိုင်သောကြောင့် ပြည်သူများအနေဖြင့် သတိပေးချက်များကို လိုက်နာရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။