လက်နက်ငယ် ၂၀ ၊ ကျည် ၄၀၀၀ ကျော် သိမ်းဆည်းရမိ
(006SV)
မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် အာရက္ခတပ်တော် (AA) က လေကြောင်းရန် ကာကွယ်ရေးတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်စဉ် ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ စစ်သုံ့ပန်း ၂၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည်ဟု ချင်းကာကွယ်ရေးတပ် – အရှိုထံမှ သိရသည်။
နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ် တည်ရှိရာ တောင်ကုန်းကို အာရက္ခတပ်တော် – AA က ထိုးစစ်ဆင်တိုက်ခိုက်စဉ် ကာကင်းစခန်းများမှ တပ်စခန်းစွ့န် ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်ဆီးရမိထားခြင်းဖြစ်သည်ဟု ချင်းကာကွယ်ရေးတပ် – အရှိုက ဖေဖော်ဝါရီလ ၂၆ ရက်မှာ ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၆ ရက်အထိ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာမှာ နတ်ရေကန် ဆက်သွယ်ရေး တာဝါတိုင်၏ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ တောတွင်းနေရာ အသီးသီးတွင် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု သိရသည်။
MA – 1 သေနတ် ၁၃ လက်၊ MA – 2 ၁ လက်၊ MA – 3 ၃ လက်၊ MA – 11 ၂ လက်၊ MA- 5 ၁ လက် စုစုပေါင်း လက်နက်ငယ် ၂၀ လက်၊ လက်ပစ်မိုင်း ၁၈ လုံး၊ EY သီး ၁၂ လုံး၊ ကျည်ဆံ ၄၀၀၀ ကျော်နှင့် အခြားစစ်အသုံးအဆောင် ပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
နတ်ရေကန်ဒေသအနီးတဝိုက်အတွင်း တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေး တပ်ဖွဲ့များ နှင့် ချိတ်ဆက်ဆက်သွယ်ပြီး အမြန်ဆုံး အလင်းဝင် ပူးပေါင်းကြရန် ချင်းကာကွယ်ရေးတပ် – အရှိုတိုက်တွန်းထားသည်။
ရခိုင်- မကွေးအစပ်က စစ်ကောင်စီတပ်ဖွဲ့များ အလင်းဝင်ရောက်လိုပါက တော်လှန်ရေးတပ်ဖွဲ့ထံ ဖုန်း၊ အင်တာနက်စသည့် နည်းမျိုးစုံ ဆက်သွယ်၍ ဖြစ်စေ၊ မိမိတို့ထံ ဆက်သွယ်၍ မရပါက ထွက်ပြေးလာစဉ် အလံဖြူ အချက်ပြခြင်း၊ လက်နက်ချမည့် အကြောင်း အသံပြုခြင်းတို့ ပြုလုပ်နိုင်ကြောင်း ဒေသအခြေစိုက် PDF နှင့် CDF တို့က ပူးပေါင်းထုတ်ပြန်ထားသည်။