(004SS)
မကွေးတိုင်း၊ ငဖဲမြို့နယ် ညောင်ကိုင်းကျေးရွာအနီးတွင် အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် CDF- ASho ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက် ၁ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Chin Defense Force – Asho က ယမန်နေ့ ဇန်နဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။
ဇန်နဝါရီလ ၃ ရက်နေ့ မနက်ပိုင်း ၇ နာရီခွဲအချိန်တွင် ငဖဲမြို့နယ်၊ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံမှ ပဒါန်း-ငဖဲ-စေတုတ္တရာ ကားလမ်းအတိုင်း စေတုတ္တရာမြို့နယ်ဘက်သို့ ထွက်ခွာလာသည့် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီ ကား ၂ စီးကို မင်းဘူးခရိုင်အမှတ် (၈) တပ်ရင်း၊ ငဖဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် CDF – Asho ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ မိနစ် ၂၀ ခန့်ကြာ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။
ထို့အပြင် ဇန်နဝါရီလ ၃ ရက်နှင့် ၄ ရက်နေ့ ၂ ရက်အတွင်း၊ ရခိုင်ပြည်နယ် အမ်းမြို့နယ်ဘက်မှ ထွက်ပြေးလွတ်မြောက်လာသော စစ်ကောင်စီတပ်သားများအား CDF – Asho တပ်ဖွဲ့က ပိတ်ဆို့တားဆီးနိုင်ခဲ့ပြီး စစ်သုံ့ပန်း ၁၁ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းတို့ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ စစ်သုံ့ပန်း ၁၁ ဦးမှာ အမ်းမြို့နယ် ဆင်ခုံတိုင်ကျေးရွာနှင့် တောင်ဇောက်ကျေးရွာအနီးရှိ စခန်းများမှ ထွက်ပြေးလွတ်မြောက်လာသော စစ်ကောင်စီတပ်သားများဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသော စစ်သုံ့ပန်းများထံမှ လက်နက်ငယ် ၉ လက်အပြင် ခဲယမ်းနှင့် စစ်အသုံးအဆောင်များ သိမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သော ဒီဇင်ဘာလကလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဦးတည်ချီတက်နေသည့် စစ်ကောင်စီတပ်အင်အား ၉၀ ပါ စစ်ကြောင်း ၂ ခုကို CDF – Asho က မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းတွင် ၂၅ ရက်မှ ၂၇ ရက် နေ့အထိ ၃ ရက်ဆက်တိုက် ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၇ ဦးအရှင်ဖမ်းမိခဲ့သည့်အပြင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။