(006SV)
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ လွန်ဒုံကျေးရွာကို စစ်ကောင်စီက ယနေ့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူများ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ယနေ့ဧပြီလ ၂၈ ရက် နေ့လယ် ၁ နာရီခွဲခန့်က စစ်ကောင်စီက လွန်ဒုံကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ရာ အသက် ၆၈ နှစ်အရွယ် အမျိုးသား (၁) ဦး၊ အသက် ၄၅ နှစ်အရွယ် အမျိုးသမီး (၁) ဦးတို့မှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီး အသက် ၁၈ နှစ်အရွယ် အမျိုးသမီး (၁) ဦးမှာ မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
လေကြောင်း တိုက်ခိုက်မှုကြောင့် လွန်ဒုံကျေးရွာရှိ လက်ရှိမှာ ဖွင့်လှစ်နိုင်ခြင်း မရှိသည့် ဆေးပေးခန်းနှင့် အရပ်သား နေအိမ် ၃ လုံးမှာ လုံးဝ ပျက်စီးသွားခဲ့ကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့မှာ သတင်းထုတ်ပြန်သည်။
လွန်ဒုံကျေးရွာမှာ အိမ်ခြေ ၃၀ ကျော်ခန့်သာရှိသော ကျေးရွာငယ်ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် နေရာဒေသများမှ အရပ်သားပြည်သူများကို ဦးတည်၍ လေကြောင်းတိုက်ခိုက်ခြင်းသည် စစ်ရာဇတ်မှု ကျူးလွန်ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့က ဆိုသည်။
စစ်ကောင်စီသည် ကန်ပက်လက်မြို့နယ်၊ ဖျန်ချောင်းကျေးရွာကို ဧပြီလ ၃ ရက်က လေကြောင်းတိုက်ခိုက်မှု (၁) ကြိမ်၊ အုံကျေးရွာ၊ လွီးစုံကျေးရွာ၊ ကောက်ဆောင်းကျေးရွာများကို ဧပြီလ ၁၇ ရက်က လေကြောင်းတိုက်ခိုက်မှု (၁) ကြိမ်နှင့် ယနေ့မှာ လွန်ဒုံကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းလေကြောင်းတိုက်ခိုက်မှုများတွင် စစ်ကောင်စီသည် စာသင်ကျောင်း၊ ဆေးပေးခန့် စသည့်နေရာများကို ပစ်မှတ်ထားခဲ့သောကြောင့် ဒေသခံပြည်သူများအနေဖြင့် ယင်းနေရာများမှ တိမ်းရှောင်ခြင်းများ ပြုလုပ်ရန် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က အသိပေးနှိုးဆော်နေသည်။
ထို့အပြင် ဒေသခံပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ တူထားရန်၊ လေကြောင်းရန် အန္တရာယ်ကာကွယ်ခြင်းများကို ကြိုတင်ဆောင်ရွက်ထားရန်နှင့် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို အချိန်နှင့်တပြေးညီ ချိတ်ဆက်ဆောင်ရွက်ခြင်းများ ပြုလုပ်ကြရန် သတိပေးနှိုးဆော်နေကြောင်း သိရသည်။