(002MG)
ချင်းပြည်နယ် ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်အတွင်း စစ်ကောင်စီက ၃ လကျော်ပိတ်ပင်ခဲ့သော ဆိုင်ခန်းများပုံမှန်အတိုင်း ပြန်လည်ဖွင့်နိုင်ပြီဟု ဟားခါးမြို့ဒေသခံများထံမှ သိရသည်။
ဟားခါးမြို့ခံတဦးက “ဆိုင်းခန်းကဖွင့်ပေးပြီးပြီ၊ ဟားခါးရဲစခန်းအကျဉ်းသားတွေအကုန်လုံး ကယ်ထုတ်တဲ့နေ့က ဖွင့်ပေး ပြီ။ ပြည်သူလူထုတွေက ဘာလုပ်ပေးလို့ဆိုပြီး ဖွင့်ပေးတာမျိုးမရှိဘူး သူတို့ ဘာသာသူတို့ဖွင့်ပေးလိုက်တယ်လို့ ကြားတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့က ဟားခါးမြို့ပေါ်တွင် စစ်ကောင်စီခန့်ဝန်ကြီးများ စီးနင်းလိုက်ပါလာသော ယာဉ်တန်းကို CDF-Hakha တပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာမှာ ဈေးဆိုင်နှင့် ဘုရားကျောင်းများကို အကာအကွယ်ယူခဲ့သည်ဟု ဆိုကာ မြို့သစ်ရပ်ကွက်ရှိ ဈေးဆိုင်များပိတ်ထားရန်နှင့် လူ ၅ ဦးထက်ပိုမစုရအမိန့်ကို ဧပြီလ ၂၂ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် စစ်ကောင်စီက ဇွန်လ ၂၃ ရက်နေ့တွင် မြို့သစ်ရပ်ကွက်အတွင်း လူ ၅ ဦးထက်ပိုမစုရ အမိန့်ကို ပြန်ရုတ်သိမ်း ခဲ့သော်လည်း ဆိုင်ခန်းများအား ဩဂုတ်လ (၂၀) ရက်နေ့ အထိ ထပ်တိုးပိတ်ခိုင်းခဲ့သည်ဟု သိရသည်။
သို့သော်လည်း ယခုအခါ ဟားခါးမြို့သစ်ရပ်ကွက်အတွင်းရှိ ဈေးဆိုင်များမှာ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ရောင်းချနေကြပြီဟု ဟားခါးဒေသခံတစ်ဦးက ပြောသည်။
“ပုံမှန်အတိုင်းပြန်ဖွင့်တာ အဲဖက်မှာတောင် မုန့်စားသွားသေးတယ်၊ အခုလို ဖွင့်လို့ရပြီဆိုတော့ ဝမ်းသာတယ်။ စားဝတ် နေရေးအတွက်လည်း အဆင်ပြေလာမယ်၊ပြီးရင် ဈေးထဲအထိ ဈေးရောင်းစရာမလိုတော့ဘူးလေ” ဟု ဟားခါးမြို့က လူငယ်တဦးက ပြောသည်။
စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်နောက်ပိုင်း ဟားခါးမြို့တွင် လူစုလူဝေးများနှင့် ဘုရားကျောင်းဝတ်ပြုခြင်း အစီစဉ်များအတွက် စစ်ကောင်စီတပ်ဖွဲ့ထံ ယနေ့ချိန်ထိ ပုံမှန်ခွင့်ပြုချက် တောင်းခံရနေရသေးကြောင်း သိရသည်။
ယခုလက်ရှိ ဟားခါးမြို့ပေါ်တွင် CDF-Hakha တပ်ဖွဲ့က ရုန်းတောင်စစ်ဆင်ရေးဖော်ဆောင်လျှက်ရှိပြီး သေနတ်သံ၊ လက်နက်ကြီးသံများလည်း နေ့စဉ်နီးပါးကြားနေရသည်ဟု သိရသည်။