(03PT)
ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ယမန်နေ့ညက ကြို့သုံးပင်ရပ် ကွက်က ပြည်သူ ၂ ဦးဒဏ်ရာရရှိပြီး အဆောက်အဦးတချို့လည်းပျက်စီးမှုရှိခဲ့သည်။
ဇူလိုင် ၁၃ ရက်ည ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကြို့သုံးပင် ရပ်ကွက်ရှိ UMAS ကျောင်းဝန်းအတွင်းက ကျောင်းအုပ်ကြီး နေအိမ်ပေါ်ကျရောက်ပေါက်ခဲ့ခြင်းဖြစ် သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“တိုက်ပွဲရှိတာမဟုတ်ဘူး သူတို့က အဲ့လိုပဲ မြို့ထဲဖက်ကနေ ရမ်းသမ်းပစ်တာ။ လက်နက်ကြီး နှစ်လုံးကျတာ၊ တစ်လုံးက အိမ်ရှေ့မှာကျသွားတာ။ တစ်လုံးက အဲ့ကျောင်းအုပ်ကြီးအိမ်ထိသွားတာ မီးဖိုချောင်ဖက် လုံးဝ ကြေမွပျက်စီးသွားတာ။ အဲ့ဒီ ဗုံးပေါက်ကွဲအစတွေက ဘေးနားက အိမ်းတိုင်ကို ထိသွားလို့မဟုတ်ရင် အဖို့းကြီးတစ်ယောက်ကို လည်း ထိသွားမှာ။” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ လက်နက်ကြီးကျည်စထိမှန်မှုကြောင့်ကျောင်းအုပ်ကြီးတို့သားအဖနှစ်ယောက်မှာ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် ကုသမှုခံယူနေကြကြောင်းသိရသည်။
ထိုကဲ့သို့အခြေနေကြောင့် ကျောင်းကိုလည်း ခေတ္တပိတ်ထားရကြောင်း သိရသည်။
ဇူလိုင်လ ၁၂ ရက်နေ့ကလည်း ကြို့သုံးပင်ရပ်ကွက်ထဲက အိမ်ခြံဝင်း တစ်ခုတွင် စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူနေအိမ်နဲ့ ပြည်သူအထိခိုက်မရှိကြောင်း ဒေသခံများက ပြောသည်။
ကလေးမြို့ပေါ်တွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင် ၁၃ ရက်ညက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးများ အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့ရာတွင် စီးစံကျေးရွာက လင်မယားနှစ်ယောက်သေဆုံးခဲ့သည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးခန့်ရှိခဲ့သည်ဟု သိရသည်။
ကလေးမြို့နယ်တွင် ယခုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြီးခဲ့သည့် ဇွန်လအတွင်း အရပ်သား ၇ ဦးခန့်သေဆုံးခဲ့သည်ဟု သိရသည်။