(006SV)
အာဏာသိမ်းစစ်ကောင်စီက တစ်နှစ်တာအတွင်း ချင်းအပါအဝင် နိုင်ငံတဝန်းတွင် အရပ်သားများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၄၀ ကျော် ကျူးလွန်ခဲ့ပြီး ချင်းပြည်နယ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် အရပ်သား ၁၄ ဦး သေဆုံးခဲ့သည်ဟု အရပ်ဖက်အဖွဲ့အစည်းတစ်ခုက ထုတ်ပြန်သည်။
“ဖြစ်စဉ်ဖြစ်ရပ်တွေနဲ့ပတ်သက်လို့ တိုင်းနဲ့ပြည်နယ်အလိုက် မြေပုံတွေနဲ့တကွ စုစည်းတင်ပြထားပါတယ်။ စစ်ကိုင်းကတော့ ဒီအစုအပြုံလိုက်သတ်ဖြတ်မှုမှာ အများဆုံးပြည်နယ်အနေနဲ့ တွေ့ရှိရပါတယ်” ဟု BNI မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်တင်တင်ညိုက ပြောသည်။
ချင်းပြည်နယ်တွင် အရပ်သားများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု ၂ ခုရှိခဲ့ရာ ထန်တလန်မြို့နယ်၊ မတူပီမြို့နယ်တို့တွင် ဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူ စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့ခြင်းဖြစ်သည် သိရသည်။
ထန်တလန်မြို့နယ်၊ ခွာဖိုးကျေးရွာက ဖြစ်စဉ်တွင် ယခုနှစ် မတ် ၃၀ ရက်က စစ်ကောင်စီမှ တိုက်လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အောက်ကလေးငယ် ၂ ဦးအပါအဝင် ၈ ဦး သေဆုံးပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၂ ဧပြီမှ ၂၀၂၃ မတ်လအတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူများအပေါ် ၅ ဦးအထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၄၄ မှုထိ ကျူးလွန်ခဲ့သည်ဟု BNI – Myanmar Peace Monitor ၏ ယနေ့ အောက်တိုဘာလ ၅ ရက်မှာ ပြုလုပ်သည့် “မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်ခြင်း ရည်ညွန်းအကိုးအကား ၂၀၂၂-၂၀၂၃” အစီရင်ခံစာက ဆိုသည်။
အရပ်သားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွင် စစ်ကိုင်းတိုင်းက ၁၅ မှုဖြင့် အများဆုံးဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် ကချင်တို့တွင် ၄ မှုစီဖြစ်ပွားခဲ့ကာ ချင်း၊ မွန်နှင့် ရခိုင်တို့တွင် ၂ မှုစီနှင့် ရှမ်းတွင် ၁ မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
လက်ရှိ အစီရင်ခံစာတွင် ၂၀၂၂ မတ်လ အရှေ့ပိုင်းကာလနှင့် ၂၀၂၃ မတ်လ နောက်ပိုင်းကာလတို့က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များ မပါဝင်သေးကြောင်း ဖော်ပြထားသည်။