စစ်ကိုင်းတိုင်း ကလေးမြို့မြောက်ပိုင်းဒေသ လက်ပံချောင်းကျေးရွာထဲ စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ယမန်နေ့ညက အရပ်သားပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
မတ်လ ၁၄ ရက်ည ၉ နာရီခန့်တွင် ကလေးမြို့ပေါ်အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် လက်ပံချောင်းကျေးရွာထဲ ၃ ကြိမ်ကျရောက်ကာ ၂ နေရာမှာပေါက်ကွဲမှုဖြစ်ပွားပြီး ဒေသခံ ၂ ဦးပွဲချင်းသေဆုံးကာ ကလေးငယ်များအပါအ၀င် အနည်းဆုံး ၅ ယောက်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လက်နက်ကြီးပေါက်ကွဲမှုကြောင့် သေဆုံးသွားသူ ၂ ဦးမှာ အသက် ၆၂ နှစ်အရွယ် Pi Lalzuali နှင့် အသက် ၄၁ နှစ်အရွယ် Tv.Lalramdika တို့ဖြစ်ကြသည်။
၎င်းတို့ ၂ ဦးသည် ယမန်နေ့ညက လက်ပံချောင်းစေ◌ျးအရှေ့ဘက် အသင်းလူကြီးအိမ်တစ်အိမ်တွင်အလည်သွားနေစဉ် ယင်းနေအိမ်ရှေ့မျက်နှာစာတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဦးခေါင်းတွင်ထိမှန်ပြီး ပွဲချင်းသေဆုံးခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။
လက်ပံချောင်းကျေးရွာသည် ကလေးမြို့မှ ၁၀ မိုင်ခန့်ကွာေ၀းပြီး ချင်းလူမျိုးများနေထိုင်သည့်ရွာကြီးတစ်ရွာဖြစ်သည်။ ယခင်ကလည်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လက်ပံချောင်းကျေးရွာက အရပ်သားပြည်သူများ သေဆုံးမှုမကြာခဏဖြစ်ပွားလေ့ရှိသည်။