ချင်းအမျိုးသားတပ်မတော် CNA ၏ တပ်မဟာ ၃ နယ်မြေအတွင်း၌ CNA ဦးဆောင်သော ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ နိုဝင်ဘာလအတွင်းဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅၅ ဦးကျော်ကို ရှင်းလင်းသုတ်သင်နိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF က နိုဝင်ဘာလ ၃၀ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်သည်။
ချင်းပြည်နယ် ဟားခါး – ထန်တလန်မြို့အကြားနှင့် ဟားခါးမြို့တွင်းတို့၌ စစ်ကောင်စီတပ်ဖွဲ့ကို CNA နှင့်ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၅၅ ဦးကျော်သေဆုံးခဲ့ပြီး လက်နက် ၉ လက်နှင့်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။
![](https://khonumthung.org/wp-content/uploads/2022/12/CNFCNA.jpeg)
အဆိုပါတိုက်ပွဲများအတွင်း အထိနာနေသော စစ်ကောင်စီတပ်ဖွဲ့သည် တိုက်လေယာဉ်နှစ်စီးနှင့် တိုက်ပွဲသုံးရဟတ်ယာဉ် သုံးစီးတို့ဖြင့် လာရောက်ပစ်ခတ်သည့်အပြင် ဟားခါးမြို့အခြေစိုက် ဗျူဟာကုန်း (Rung tlang)မှ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်ခဲ့သည်ဟု CNF ကဆိုသည်။
တစ်လတာတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော်မှ ရဲဘော်တစ်ဦးသည် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦးက ထုတ်ပြန်ထားသည်။