(03PT)
အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့ က နေအိမ်တစ်ခုကို စစ်ကောင်စီလက်ကိုင်တုတ် ပျူစောထီးအဖွဲ့က အကြမ်းဖက် ဝင်ရောက်စီးနင်းရာမှာ အိမ်ရှင်အမျိုးသားကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် သြဂုတ်လ ၈ ရက်နေ့ ည ၇ နာရီခန့်အချိန်တွင် ပျူစောထီးအဖွဲ့၀င် လူ ၆ ဦးတို့က လက်နက်များဖြင့် တမူးမြို့ စနတ်ကုန်း (၄) ရက်ကွက်ရှိ နေအိမ်တစ်ခုကို ဝင်ရောက်ပြီး ငွေသားနှင့် ဆိုင်ကယ်အပါဝင် ပစ္စည်များ အကြမ်းဖက်လုယူပြီးနောက် အိမ်ရှင် ဦးပိန်းကမ်းအား သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေ ဒေသခံ တစ်ဦးက ပြောသည်။
“ညနေ ၇ နာရီမှာ ပျူစောထီး အမည်ခံတွေက သူတို့အိမ်ကိုဝင်ပြီးတော့ ပိုက်ဆံတောင်းတယ်ပေါ့။ ပိုက်ဆံတောင်းတော့ ပိုက်ဆံရှိသမျှ သူတို့ကိုပေးတယ်။ ဓားတွေနဲ့ သေနတ်တွေနဲ့ချိန်ပြီးတော့ လုပ်တဲ့အခါမှာ သူ့ရဲ့မိန်းမက သူ့ရဲ့ ဆိုင်ကယ်သော့လည်း အားလုံးပေးထားတယ်။ ပေးထားတော့ အဲ့ဒီမှာ သူတို့ အားလုံးရှိသမျှယူသွားပြီးတော့ အဲ့ဒီအမျိုးသားကို ဘာမှမပြောမဆိုပဲ သူ့ရဲ့ မိန်းမနဲ့ ကလေးရှေ့မှာ သေနတ်နဲ့နှစ်ချက်ပစ်ပြီးတော့ ထွက်သွားတာ” ဟု အခင်းဖြစ်စဥ် မျက်မြင်သက်သေ ဒေသခံက ပြောသည်။
အသတ်ခံရသူ ဦးပိန်းကမ်းတို့မိသားစုမှာ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် Lungding ကျေးရွာမှ တမူမြို့တွင် ပြောင်းရွေ့နေ ထိုင်သူဖြစ်ကြပြီး ပရိဘောဂလုပ်ငန်းဖြင့် အသက်မွေး၀မ်းကျောင်းပြုနေသူဖြစ်ကြောင်း သိရသည်။
ပျူစောထီးဆိုသည့်အဖွဲ့သည် စစ်ကောင်စီတပ်ဖွဲ့က အကြမ်းဖက်လုပ်ငန်းများလုပ်ကိုင်ရန် တော်လှန်ရေးကို ပုံဖျက်ရန်အ တွက် မွေးထုတ်ထားသည့် အဖွဲ့အစည်းဖြစ်ပြီး စစ်ကောင်စီ၏ အလိုကျ ဆောင်ရွက်ပေးနေသော အဖွဲ့ဖြစ်သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဆလိုင်းမာန်ဟရဲလျန်က ပြေသည်။
“စစ်ကောင်စီက သူတို့လိုချင်တဲ့အရာတွေ၊ အကောင်ထည်ဖော်လုပ်နိုင်ဖို့အတွက် အခုလို စွမ်းအားရှင်တွေမွေးလေ့ရှိတယ် အခု ပျူစောထီးဆိုတာလည်း အဲလိုမျိုးပဲဖြစ်တယ်၊ လုံးဝကို အကြမ်းဖက်တွေရဲ့ လုပ်ရပ်၊ အကြမ်းဖက်တွေရဲ့ အကြံစည် တွေကို အကြမ်းဖက်မှုတွေ လုပ်လေ့ရှိတဲ့အနေအထားပေါ့နော်။ ဆိုတော့ ဒီဟာမျိုးက လုံးဝမလုပ်သင့်ဘူးပေါ့နော်” ဟု ဆလိုင်းမာန်ဟရဲလျန်ကပြေသည်။
အလားတူ လွန်ခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့တုန်းကလည်း စစ်ကောင်စီလက်ကိုင်တုတ် ပျူစောထီးအဖွဲ့က တမူးမြို့ခံ အသက် ၄၈ နှစ်အရွယ် ဒေါ်အေး၊ သမီးဖြစ်သူ မနှင်းနှင်း (၂၂ နှစ်) နှင့် အသက် ၁၆ နှစ်အရွယ်ရှိ မောင်ပြည့်စုံတို့ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။