(006SV)
ချင်းပြည်နယ်၊ တီးတိန်မြို့ကို စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့တို့ ထက်ဝက်ခန့်စီ အပြိုင်ထိန်းချုပ်စိုးမိုးထားကြပြီး မြို့ပေါ်က အရပ်သားနေအိမ် ၇၀ ကျော်မှာ မီးရှို့ဖျက်စီးခံရထားရကြောင်း တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
တီးတိန်မြို့ပေါ်က စစ်ကောင်စီစခန်းတွေကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် PDF – Zoland နှင့် CNDF တို့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအခြေစိုက်ထားသော မိုက်ခရိုဝေ့စ်စခန်းနှင့် လျပ်စစ်ရုံးတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ပေါက် ထက်ဝက်ခန့်ကို စိုးမိုးထားကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် တီးတိန်မြို့ပေါ် ၄ နေရာမှာ အထိုင်စခန်းချထားရာမှ လက်ရှိတွင် ခလရ ၂၆၉ တပ်ရင်းစခန်းနှင့် ရဲစခန်းကုန်းတို့တွင် ရှိနေဆဲဖြစ်ပြီး မြို့ပေါ် မြောက်ဘက်ပိုင်းကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း သိရသည်။
“တိုက်ပွဲအခြေအနေက ခုထိတော့ ပြောဖို့ ခက်နေပါတယ်။ သူတို့ဘက်က ထိုးစစ်ဆင်တာတို့ ရှိခဲ့ရင် ကျနော်တို့ဘက်ကနေတော့ တိုက်ဖို့တော့ အဆင်သင့်ပေါ့။ အခုက သူတို့က စခန်းထဲမှာ နေတာဆိုတော့ သူတို့ ဒီတိုင်းပဲ နေဦးမယ်ဆိုရင် ကျနော်တို့ ထိန်းချုပ် တဲ့ ရပ်ကွက်ထဲမှာပဲ နေပြီးမှ တစ်နေ့မှာတော့ ဒီတော်လှန်ရေးကို ပြီးတဲ့အထိ ဆက်ဆောင်ရွက်သွားဖို့ ရှိတယ်” ဟု တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ Jabeg က ပြောသည်။
တီးတိန်မြို့ တိုက်ပွဲနှင့် ပတ်သက်၍ မည်ကဲ့သို့ ဆက်ဖြစ်လာမည်ကို လတ်တလောမှာ ပြော၍ မရသေးကြောင်း ၎င်းက ပြောသည်။
တွန်းဇံမြို့နှင့် ကျီခါးမြို့ကို ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ချင်းပူးပေါင်းတပ်ဖွဲ့များက မေလ ၂၃ ရက်နေ့က အလုံးစုံ သိမ်းပိုက်ခဲ့ကြပြီးနောက် ၎င်းတို့နှင့် ကပ်လျက်မြို့ တီးတိန်ကို မေလ ၂၆ ရက်က ချင်းညီနောင်က စတင်တိုက်ခိုက်ခဲ့သည်။
တီးတိန်မြို့ပေါ် စစ်စခန်းများ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီသည် မြို့ပေါ်နေအိမ်များကို ၄ ကြိမ် မီးရှို့ခဲ့ကြပြီး လေကြောင်းမှ ၁၂ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကြဲတိုက်ခိုက်မှု၏ ဗုံး ၂ လုံးသာမြို့ပြင်အနီးကို ကျသွားကြောင်း တီးတိန်မြို့နယ် – ပကဖထံမှ သိရသည်။
“အရင်ရှို့ခဲ့တဲ့ အိမ်ဆိုရင် အိမ်ရှင်တွေကို ခေါ်ထုတ်တယ်။ အဲဒီလို ခေါ်ထုတ်ပြီးမှ အဲဒီအိမ်ကို ဓါတ်ဆီလောင်ပြီးမှ မီးရှို့ပါတယ်။ ဒါပေမဲ့ အိမ်ရှင်တွေက အဝေးကို မသွားပဲနဲ့ ပြန်ဝင်လာပြီးမှ မီးကို ၃ ကြိမ် တိတိ ပြန်ငြိမ်းကြတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ပြန်ဝင်ခွင့်မပေးတော့ အဲဒီအိမ်တွေ မီးလောင်ခဲ့တယ်” ဟု Jabeg က ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဘက်က သေဆုံးရုပ်အလောင်းများကို နေအိမ်များနှင့် ရော၍ မီးရှို့သဂြိုလ်မှုများလည်း ပြုလုပ်ကြကြောင်း သိရသည်။
တီးတိန်မြို့ပေါ်က နေအိမ် ၇၃ လုံး မီးရှို့ဖျက်စီးမှုနှင့် လေကြောင်းက ဗုံးကြဲမှုကြောင့် ပျက်စီးသွားခဲ့ကြောင်း၊ နေအိမ် ၁၀၀ ခန့်ပျက်စီးခံရသည်ဟု သတင်းများ ထွက်နေခြင်းမှာ အိမ်ထောင်စုနှင့် ရေတွက်သော စာရင်းဖြစ်နိုင်ပြီး အိမ်တစ်လုံးတွင် အိမ်ငှားနေထိုင်မှုများလည်းရှိကြကြောင်း သိရသည်။
တီးတိန်တိုက်ပွဲမှာ နှစ်ပတ်ခန့် ကြာမြင့်သော်လည်း မြို့ပေါ်ပြည်သူ ၉၀ ရာခိုင်နှုန်းကျော်မှာ စစ်ဘေးရှောင်နေရဆဲဖြစ်ကြောင်း၊ တချို့စစ်ဘေးရှောင်များမှာ နေ့ဘက်တွင် အိမ်ကို ပြန်လာကြည့်သော်လည်း ညဘက်တွင် မြို့အနီးကရွာတွေမှာ သွားရောက်စစ်ရှောင်ရကြောင်း သိရသည်။
တီးတိန်မြို့၊ စကော်လမ်းရပ်ကွက်တွင် ပြည်သူ ၅၂၀၀ ကျော်ရှိရာ ၄၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး ယင်းတို့အထဲက ၁၀၀၀ ကျော်မှာ ခလရ – ၂၆၉ တပ်ရင်း မိသားစုများဖြစ်ကြောင်း၊ မြို့မ ရပ်ကွက်က ပြည်သူ ၃၈၀၀ ကျော်ရှိရာ ၃၇၀၀ ခန့် စစ်ဘေးရှောင်ရကြောင်း သိရသည်။
လွယ်ဘွါလ်းရပ်ကွက်တွင် ပြည်သူ ၃၈၀၀ နီးပါးရှိရာ ၃၇၀၀ ကျော် စစ်ရှောင်နေရပြီး လေးလုမ်းရပ်ကွက်တွင် ၁၈၀၀ ကျော်ရှိရာ ၅၀၀ ခန့် စစ်ဘေးရှောင်နေရကြောင်း သိရသည်။
“စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေက ဖြစ်နိုင်ရင်တော့ ဆုံးဖြတ်ချက် ကောင်းကောင်းချပြီးမှ မြို့ပေါ်ကို ပြန်လာပြီးမှ နေထိုင်ကြဖို့ တောင်းဆိုချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အိမ်တွေမှာ လူတွေ မရှိတော့ စကစတွေက အိမ်တွေ ဖောက်တယ်။ ပစ္စည်းတွေ ယူတယ်။ ပြီးတော့ သူခိုးတွေကလည်း အိမ်တွေကို ဖောက်ပြီး ပစ္စည်းတွေ ယူကြတယ်။ အဲဒါကြောင့် ကျနော်တို့ဘက်က ရဲဘော် တွေက အမြဲထိန်းထားနေရတယ်။ ကျနော်တို့ ထိန်းထားရတာဆိုတော့ ဖြစ်နိုင်ရင် ပြည်သူတွေက မြို့ပေါ်ကို ပြန်လာပြီး ကိုယ့်အိမ်ကို ပြန်နေကြဖို့ တောင်းပန်ချင်ပါတယ်” ဟု တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့မှ Jabeg က ပြောသည်။
တီးတိန်မြို့ပေါ်တွင် စစ်ရှောင်နေအိမ်များကို ဖောက်ထွင်းခိုးယူမှု ကျူးလွန်သူ ၄ ဦးကို ဖမ်းဆီးထားပြီး အရေးယူရန် ဆောင်ရွက်နေကြောင်း တီးတိန်မြို့နယ် – ပအဖထံမှ သိရသည်။
ချင်းပြည်မြောက်ပိုင်း အစွန်ဆုံးမြို့များကို လက်လွှတ်ထားရသော စစ်ကောင်စီသည် တီးတိန်မြို့နှင့် ရိခေါဒါရ်မြို့ကို ဆက်သွယ်သော အိန္ဒိယ-မြန်မာ နယ်စပ်လမ်းကြောင်းပေါ်က မဏိပူရမြစ်ကူး (မံဆောင်းတံတား) ကို ဇွန်လ ၈ ရက်နေ့က မိုင်းခွဲဖျက်ဆီး လိုက်သည်။
ယင်းကြောင့် မဏီပူရမြစ်၏ တစ်ဘက်ကမ်းမှ ပြည်သူများ ကုန်စည်သယ်ပို့ရေး ခက်ခဲသွားသကဲ့သို့ တီးတိန်မြို့ အရှေ့ဘက်ကရွာများလည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသွားကြသည်။
ထို့အပြင် ကလေးမြို့မှ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာလည်း ရပ်တန့်ခဲ့ရကြောင်း သိရသည်။
ဇွန်လ ၁၀ ရက်ကလည်း တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ် ကုန်သွယ်ရေးတံတားဖြစ်သော ဇလွေချောင်းကူးတံတားကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့သည်။
ထို့အပြင် စစ်ကောင်စီတပ်သည် ကာပယ်တံတားကိုလည်း ထပ်မံဖျက်စီးရန် ကားဖြင့် ဆင်းလာကြကြောင်း သတင်းရ၍ လမ်းမှာ ကြားဖြတ် တားဆီးမှု လုပ်ရကြောင်း၊ လက်ရှိတွင် ယင်းတံတားကို ချင်းတော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားကြောင်း သိရသည်။
စစ်ကောင်စီသည် ပြည်သူများ ဒုက္ခရောက်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လမ်း၊ တံတားများကို ဖျက်ဆီးမှု ပြုလုပ်နေကြောင်း တီးတိန်မြို့နယ်- ပအဖ တာဝန်ရှိသူက ပြောသည်။