(04SS)
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့ပေါ်ရှိ ဒေသခံများ၏ ငွေကြေး၊ ပစ္စည်းများနှင့် ဆိုင်ကယ်များ ခိုးယူခဲ့သူ အမျိုးသား ၄ ဦးအား တီးတိန်မြို့လူငယ်များက မေလ ၇ ရက်နေ့တွင် ဖမ်းမိခဲ့သည်ဟု သိရသည်။
အဖမ်းခံရသူအမျိုးသား ၄ ဦးမှာ မူးယစ်ဆေးဝါးသုံးစွဲနေသူများဖြစ်ကြပြီး ယခုရက်ပိုင်းအတွင်း တီးတိန်မြို့ပေါ်၌ ခိုးဆိုးမှု များပြားလာရာတွင် ပါဝင်ပတ်သက်နေသည်ဟု စုံစမ်းသိရှိချက်အရ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု တီးတိန်မြို့က လူငယ်ခေါင်းဆောင်တစ်ဦးက ပြောသည်။
“သူတို့ကို အရင်ကတည်းက သိတာပေါ့နော် ဒါပေမဲ့ အခုနောက်ပိုင်း သူတို့က ပိုဆိုးလာတယ်၊ ခိုးတာ ပျောက်တာတွေက အများစုသူတို့လုပ်တာပေါ့ ဆိုတော့ ကျွန်တော်တို့ လူငယ် ၁၅ ယောက်လောက်က သူတို့ဆေးသုံးတဲ့နေရာတွေကိုသွားတယ် ကင်းစောင့်တယ် ပြီးတော့ သူတို့နေရာတစ်ခုမှာ ဖမ်းမိလိုက်တယ် တစ်ခြားသူတွေလည်းရှိသေးတယ်” ဟု ၎င်းကဆိုသည်။
၎င်းတို့ ၄ ဦးတို့ကို တီးတိန်မြို့က ရဲများထံအပ်နှံပြီး ၁၄ ရက်ကြာ ယမန်အဖြစ် ထိန်းသိမ်းထားကြောင်း သိရသည်။
ယခုလက်ရှိ တီးတိန်မြို့ပေါ်တွင် ၎င်းတို့အပြင် မူးယစ်ဆေးသုံးဆွဲသူ အမျိုးသမီးများ၊ အိမ်ထောင်သည်နှင့် လူငယ်များ ပိုမိုများနေကြောင်း သိရသည်။
မေလ ၇ ရက် တနင်္ဂနွေနေ့ကလည်း ဘုရားကျောင်းတက်နေစဉ် မြို့မရပ်ကွက်က နေအိမ်တစ်လုံး ဖောက်ထွင်းခံရပြီး ကျပ်ငွေ ၂ သိန်းကျော် ခိုးယူခံရသည်ဟု သိရသည်။
အလားတူ လွန်ခဲ့သည့်အပတ်ကလည်း တီးတိန်မြို့ အား/ကာမှူးနေအိမ် ဖောက်ထွင်းခံရပြီး Battery တစ်လုံး၊ Laptop တစ်လုံးနှင့် ကလေးများစုထားသည့် ငွေကြေးများ အခိုးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ယခုနောက်ပိုင်း တီးတိန်မြို့ပေါ်တွင် အိမ်ဖောက်ထွင်းမှု၊ ခိုးမှုများ မကြာခဏဆိုသလို ကြားသိနေရပြီး အများအားဖြင့် မူးယစ်ဆေးသမားများမှ အဖွဲ့လိုက် ခိုးမှုတွေပြုလုပ်ကြကာ နေ့ခင်းအချိန်၌ပင် ခိုးဆိုးမှုများရှိသောကြောင့် မဖြစ်မနေ အိမ်စောင့်ထားရသည်မှာ အချိန်ကြာမြင့်ခဲ့ပြီဟု လည်း ဒေသခံများက ပြောသည်။
တီးတိန်မြို့ပေါ်တွင် မူးယစ်ဆေးရောင်းနေသူများ၊ အခိုးခံရသည့်ပစ္စည်းများ လက်ခံဝယ်ယူပေးနေသူများကိုလည်း သိရှိပြီးဖြစ်ကာ ၎င်းတို့အား စောင့်ကြည့်လျှက်ရှိကာ လုပ်ရပ်များ ပြောင်းလဲခြင်းမရှိပါက အချိန်တန်လျှင် အရေးယူမည်ဖြစ်ကြောင်း တီးတိန်မြို့ လူငယ်များ အဖွဲ့ဝင်တစ်ဦး က ပြောသည်။
“အခုလို လူတွေကို ပျက်ဆီးအောင်လုက်တဲ့ မူးယစ်ဆေးရောင်းတဲ့သူ ဘယ်သူလဲဆိုတာ သိထားတယ်၊ ပြီးတော့ သူခိုးတွေက ပစ္စည်းခိုးပြီး ပြန်ရောင်းတဲ့ချိန် ဝယ်ယူတဲ့သူတွေကိုရောပဲ သူတို့ကို စောင့်ကြည့်နေတယ် နောက် ဒီလိုထပ်လုပ်ရင်တော့ အချိန်ကောင်းစောင့်နေတာ အချိန်တန်ရင် အရေးယူဖို့ လုပ်သွားမယ်” ဟု ၎င်းကပြောသည်။
ယခုကဲ့သို့ တီးတိန်မြို့တွင် မူးယစ်ဆေးသုံးစွဲမှု၊ ခိုးဆိုးလုယက်မှုများသည် ယခင်ကထက် စစ်အာဏာသိမ်းပြီးသည့် နောက်ပိုင်းတွင် ပိုမိုဆိုးရွားလာနေခြင်းဖြစ်သည်ဟု သိရသည်။